ထိုင်ဝမ် ဗီယက်နမ်နှင့် စင်္ကာပူတို့၌ ကိုဗစ်-၁၉ ကူးစက်မှု ကင်းစင်လုနီးပါးဖြစ်လာ

ထိုင်ဝမ် ဗီယက်နမ်နှင့် စင်္ကာပူတို့၌ ကိုဗစ်-၁၉ ကူးစက်မှု ကင်းစင်လုနီးပါးဖြစ်လာ

ဇန်နဝါရီ ၆ 

ထိုင်ဝမ်သည် ရှစ်လအတွင်း၌ ပြီးခဲ့သည့်လက ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီး စုစုပေါင်း ပြည်တွင်းကူးစက်မှု ၅၆ ဦးသာရှိခဲ့သည်။ 

ပတ်ဝန်းကျင် ဒေသနိုင်ငံများထက် ကူးစက်မှု သိသိသာသာ လျော့ကျခြင်းမှာ ပြည်ပမှပြန်လာသူများကို  မဖြစ်မနေ ၁၄ ရက် အသွားအလာကန့်သတ်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ယမန်နှစ်ကလည်း ထိုင်ဝမ်တွင်အလုပ်လုပ်သော ဖိလစ်ပိုင်ရွှေ့ပြောင်းအလုပ်သမားသည် ၎င်း၏ဟိုတယ်ခန်းအတွင်းမှ ရှစ်စက္ကန့် ခန့် ထွက်မိသဖြင့် ထိုင်ဝမ်ဒေါ်လာ ၁၀၀ ၀၀၀ (အမေရိကန်ဒေါ်လာ ၃ ၅၇၇) ဒဏ်ငွေပေးဆောင်ခဲ့ရသည်။ 

တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ နှင့် တိုက်ပွဲဝင်နေရစဉ် ထိုင်ဝမ်၊  ဗီယက်နမ်နှင့် စင်္ကာပူတို့သည် ဒေသတွင်းရောဂါကူးစက်မှုမရှိသလောက် တားမြစ်နိုင်သည်အထိ အောင်မြင်ခဲ့သည်။ 

ထိုင်ဝမ်၌ ကွာရန်တင်းစည်းမျဉ်းဖောက်ဖျက်သူများကို ထိုင်ဝမ်ဒေါ်လာ တစ်သန်း ချမှတ်မှုအား ဖေဖော်ဝါရီလမှစတင်၍ ကျင့်သုံးခဲ့သည်။ PCR နည်းဖြင့် ကိုဗစ်အတည်ပြုလူနာကိုလည်း  အစိုးရစရိတ်ဖြင့် ဆေးရုံ၌ ကုသပေးသည်။

ဗီယက်နမ်သည်လည်း ပြည်တွင်းဝင်ရောက်လာသူများကို ၁၄ ရက် အသွားအလာကန့်သတ်သည့်အပြင် ရောဂါကူးစက်ခံရသူနှင့်ထိတွေ့သူများကို လျင်မြန်စွာခြေရာခံနိုင်ခဲ့သည်။ ဗီယက်နမ်အာဏာပိုင်များ၏ တင်းကျပ်သောစည်းမျဉ်းများကြောင့် ရောဂါကူးစက်သူ ၁ ၅၀၀ ခန့်ထိသာ ရှိခဲ့သည်။ 

စင်္ကာပူနိုင်ငံတွင်လည်း ရွှေ့ပြောင်းအလုပ်သမားများအကြား ရောဂါကူးစက်မှု ထိန်းမရအောင်ဖြစ်ပွားပြီးနောက် ရောဂါစမ်းသပ်မှုနှင့် ထိတွေ့မှုခြေရာခံခြင်းတို့ကို အသည်းအသန်လုပ်ဆောင်ခဲ့သောကြောင့် နေ့စဉ် ဒေသတွင်းကူးစက်မှု မရှိသည်အထိ ထိန်းချုပ်နိုင်ခဲ့သည်။ 

လူဦးရေ ၅.၇ သန်းရှိသည့် စင်္ကာပူတွင် အကြမ်းအားဖြင့် ၅.၄ သန်းခန့်ကို ရောဂါစစ်ဆေးပြီးဖြစ်သည်။ အစိုးရသည် အဆောင်နေရွှေ့ပြောင်းအလုပ်သမားများကိုလည်း နှစ်ပတ်ကြာသည့်အခါတိုင်း ရောဂါစစ်ဆေးပေးလျက်ရှိသည်။ စင်္ကာပူ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် ကူးစက်မှုခြေရာခံ မိုဘိုင်းအက်ပလီကေးရှင်း သို့မဟုတ် လက်ဖဝါးအရွယ် ခြေရာခံကိရိယာများ ဆောင်ထားကြသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်ထားနိုင်ခဲ့သည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလက ဘန်ကောက်အနီး ပင်လယ်စာဈေးနှင့်ဆက်စပ်သော လူ ၁ ၀၀၀ ကျော်၌ ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိခဲ့သည်။ ထိုင်းနိုင်ငံသည် သီတင်းနှစ်ပတ်အတွင်း ရောဂါကူးစက်မှု နှစ်ဆကျော်မြင့်တက်ခဲ့ကာ ဇန်နဝါရီ ၅ ရက်အထိစာရင်းအရ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉ ၀၀၀ ခန့်ရှိသည်။ 

ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာမည်ကိုစိုးရိမ်သဖြင့် ထိုင်းအစိုးရက  ဇန်နဝါရီ ၄ ရက်မှစ၍ စာသင်ကျောင်းများပိတ်ရန်နှင့် ဘန်ကောက်မြို့နှင့် ပြည်နယ် ၂၇ ခု၌ စီးပွားရေးလုပ်ငန်းချိန်များ လျှော့ချရန် ညွှန်ကြားခဲ့သည်။ မြို့တော် ဘန်ကောက်တွင်လည်း အင်္ဂါနေ့မှစတင်၍ ညပိုင်း အပြင်ထွက်စားခြင်းကို တားမြစ်လိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly