Alipay အပါအဝင် တရုတ်အပလီကေးရှင်း ၈ ခုနှင့် အမေရိကန်လုပ်ငန်းဆောင်ရွက်မှုကို ထရမ့် တားမြစ်

By ​​Reuters
06 January 2021
Alipay အပါအဝင် တရုတ်အပလီကေးရှင်း ၈ ခုနှင့် အမေရိကန်လုပ်ငန်းဆောင်ရွက်မှုကို ထရမ့် တားမြစ်

ဇန်နဝါရီ ၆ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Ant Group ၏ မိုဘိုင်းငွေပေးချေမှုအပလီကေးရှင်း Alipay  အပါအဝင် တရုတ်ဆော့ဖ်ဝဲလ်အပလီကေးရှင်းပေါင်း ရှစ်ခုနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် တားမြစ်သည့်အမိန့်ကို ဇန်နဝါရီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦး၏အဆိုအရသိရသည်။ 

တရုတ်ဆော့ဖ်ဝဲလ်အပလီကေးရှင်းများကို အသုံးပြုသူအများအပြားရှိပြီး ထိရှလွယ်သောအချက်အလက်များကို ဝင်ရောက်နေသော ၎င်းအပလီကေးရှင်းများ၏ ခြိမ်းခြောက်မှုမှ အမေရိကန်ပြည်သူများကိုကာကွယ်ရန် ထိုသို့တားမြစ်လိုက်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်မှ စီနီယာအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အမျိုးသားလုံခြုံရေးကိုကာကွယ်ရန် တရုတ်ဆော့ဖ်ဝဲလ်အပလီကေးရှင်းတီထွင်သူများအပေါ် မာန်ပါသောလုပ်ရပ်များလုပ်ဆောင်ရမည်ဟု တားမြစ်မိန့်တွင် ရည်ညွှန်းပြောဆိုထားသည်။

ညွှန်ကြားချက်အရ ၄၅ ရက်အတွင်း တားမြစ်သွားရမည့် အပလီကေးရှင်းများကို သတ်မှတ်ရန် ကုန်သွယ်ရေးဌာနကို တာဝန်ပေးထားပြီးTencent Holdings Ltd ၏ QQ Wallet နှင့် WeChat Pay တို့ကို ပစ်မှတ်ထား,ထားသည်။ 

ထို့ပြင် Alibaba Group ၏လက်အောက်ခံ  မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု UCWeb ဖြင့်လည်ပတ်သည့် CamScanner ၊ SHAREit ၊ Tencent QQ၊ VMate အပလီကေးရှင်းများနှင့် Beijing Kingsoft Office Software ကုမ္ပဏီ၏ WPS Office အပလီကေးရှင်းကိုလည်း တားမြစ်သွားမည်ဖြစ်သည်။ 

Kingsoft  ကုမ္ပဏီက ထရမ့်၏အမိန့်သည် ရေတိုကာလ၌ ကုမ္ပဏီ၏ စီးပွားရေးကို အများအပြားထိခိုက်မည်ဟု မမျှော်လင့်ကြောင်း ပြောခဲ့သည်။ 

တရုတ်ဆော့ဝဲလ်များသည်  စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် ကွန်ပျူတာများကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာလျှပ်စစ်ပစ္စည်းများမှတစ်ဆင့် အသုံးပြုသူများ၏ ထိရှလွယ်သော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အတွင်းရေးသတင်းအချက်အလက် အများအပြားကို ရယူသွားနိုင်သည်ဟု တားမြစ်မိန့်တွင်ဖော်ပြထားသည်။ 

ထိုသို့အချက်အလက်စုဆောင်းခြင်းသည် ဖယ်ဒရယ်ဝန်ထမ်းများနှင့် ကန်ထရိုက်တာများ၏ တည်နေရာများကို ထောက်လှမ်းနိုင်ပြီး ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရယူသွားနိုင်သည်ဟု ဆိုသည်။ 

ဂျိုင်းဘိုင်ဒင် သမ္မတတာဝန်ထမ်းဆောင်သည့်ပထမနေ့တွင် အဆိုပါတားမြစ်မိန့် ပျက်ပြယ်သွားနိုင်သော်လည်း ၎င်း၏ အစိုးရကူးပြောင်းရေးအဖွဲ့ကမူ အဆိုပါတားမြစ်မိန့်ကိစ္စနှင့်ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိခဲ့ပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly