သမိုင်း ဝန်ထုတ်ဝန်ပိုး လျှော့ကျသွားစေရေး

သမိုင်း ဝန်ထုတ်ဝန်ပိုး လျှော့ကျသွားစေရေး

မိမိတို့တိုင်းပြည် ဒီမိုကရေစီ မှန်ကန်စွာ ပြောင်းလဲဖို့ဆိုလျင် အခြေလိုအပ်ချက်တစ်ခုမှာ ပွင့်လင်းမြင်သာမှုများ ရှိဖို့ လိုအပ်ပါသည်။ အမှန်တရားကို မျက်ကွယ်ပြုထားလို့ပဲဖြစ်စေ မမြင်ချင် ယောင် ဆောင်ထားလို့ပဲဖြစ်စေ ဤကဲ့သို့ ရှုမြင်နေပါက ပွင့်လင်းမှု မရှိသည့် အခြေအနေတရပ် ဖြစ်ပေါ်စေကာ မှန်ကန်သည့် ပြောင်းလဲမှုကိုလည်း ရောက်အောင်သွားနိုင်ကြမည် မဟုတ်ချေ။
ဆိုလိုသည်မှာ လက်ရှိအခြေအနေ အမှန်အပေါ်မူသည့် ဖြေရှင်းဆောင်ရွက်မှုမျိုး မပြုလုပ် နိုင်သရွေ့ မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှုလည်း သဘာဝကျစွာပင် ဖေါ်ဆောင်လို့ ရနိုင်လိမ့်မည် မဟုတ်ချေ။ 

ဥပမာအားဖြင့် ပြောရလျင် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ ရှိနေခြင်းသည်ရရိုးသားမှန်ကန်စွာ ပြောရလျင် ဒီမိုကရေစီစံနှုန်းအရ လွှတ်တော်ကြီးသည် မည်သည့် နည်းနှင့်မျှ ပြည်သူ့အသံကို ရာနှုန်းပြည့် ထင်ဟပ်နိုင်စရာအကြောင်း မရှိချေ။ အလွန်ဆုံး ၇၅ ရာခိုင်နှုန်းသော ပြည်သူ့အသံကိုသာ ကိုယ်စားပြုနိုင်လိမ့်မည် ဖြစ်သည်။ 
ယခုအခါ မိမိတို့ိုတိုင်းပြည်သည် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းကို သမိုင်းရဲ့ လိုအပ်ချက်အရ လက်ခံထားကြရပါသည်။ သို့သော် စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အပြည့်အ၀ ဖေါ်ဆောင်နိုင်ဖို့ဆိုလျင် လွှတ်တော်အတွင်း တပ်မတော် ကိုယ်စားလှယ်များ ပါဝင်နေမှုကို တဆင့်ချင်းစီ လျှော့ချသွားစေရေး ဖွဲ့စည်းအုပ်ချုပ်ပုံတွင် လည်းကောင်း သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်းဆွေးနွေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်သွား သင့်ပါသည်။ 

ဒီမိုကရေစီ စံနှုန်းအရဆိုလျင် တပ်မတော်သားများသည် ပြည်သူ့ဝန်ထမ်းများသာ ဖြစ်ပါသည်။ အခြားအခြားသော ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြသည့် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ နည်းတူ သူတို့သည်လည်း ပြည်သူ့ဝန်ထမ်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများသည် တိုင်းပြည်အုပ်ချုပ် စီမံပိုင်ခွင့် မယူသင့်ပါချေ။ 
တခြား ဒီမိုကရေစီ စနစ်အရ အုပ်ချုပ်သည့် ယခင် ဖဆပလ၊ ပထစ အစိုးရများလက်နက် တွင်လည်း နိုင်ငံအုပ်ချုုပ် စီမံပိုင်ခွင့်ကို မည်သည့်ဝန်ထမ်းမျှ မပေးခဲ့ချေ။ ယုတ်စွအဆုံး တစ်ပါတီ အာဏာရှင်စနစ်ဟု ကင်ပွန်းတပ်ခဲ့ကြရသည့် မဆလအစိုးရ လက်ထက်တွင်ပင်လျင် ပြည်သူ့ဝန်ထမ်း များသည် တိုင်းပြည် စီမံအုပ်ချုပ်မှုနေရာတွင် မရှိခဲ့ကြပါ။ 

ယခုအချိန်အခါတွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီနည်းအရ ဖွဲ့စည်းထူထောင်ထားရှိသည့် နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြည်သူ့ဝန်ထမ်းများ ကိုယ့်တာ ဝန်ကိုယ် ထမ်းကြရမည် ဖြစ်သည်။ စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်လာစေရန် တာစူကြိုးပမ်းနေကြပြီ ဖြစ်သည်။ ဒီမိုကရေစီစနစ်၏ ရောင်နီများကိုလည်း အထင်အရှား မြင်လာနိုင် ကြပြီ ဖြစ်သည်။ အထင်ရှားဆုံး ဖြစ်ရပ်မှာ ၂၀၁၅ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

မှန်ပါသည်။ စနစ်တစ်ခုမှ စနစ်တစ်ခုသို့ အကူးအပြောင်းတွင် ညင်သာစွာ ကူးပြောင်းနိုင်ရေး နှင့် အလုံးစုံချက်ချင်း ပြောင်းလဲသွားရေးဆိုသည်မှာ မဖြစ်နိုင်ပါချေ။ ဖြစ်လည်း မဖြစ်သင့်ပါချေ။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံရေးအပေါ်မူတည်ကာ တစတစ ပြောင်းလဲရေး နည်းသာလျင် အမှန်အကန်ဆုံး ပြောင်းလဲရေး ဖြစ်ပါသည်။ 
ထို့ကြောင့် သမိုင်းရဲ့လိုအပ်ချက်အရ သမိုင်းရဲ့ထူးခြားဖြစ်စဉ်အရ လွှတ်တော်အတွင်း တပ်မတော် ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေရသည့် သမိုင်းတာဝန်ကြီးအား တစတစ သုံးသပ်ဖြေရှင်းကာ သမိုင်း ဝန်ထုပ်ဝန်ပိုးကြီး ပေါ့ပါးသွားစေရေး တိုင်းပြည် တာဝန်ရှိသူများ ပြည်သူ များအနေဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အခြေခံအပေါ်တွင် အောင်မြင်အောင် ဆောင်ရွက် နိုင်ပါစေကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags