ဂျပန်ဆူမိုချန်ပီယံ ဟာကူဟို ကိုဗစ်-၁၉ ကူးစက်ခံရ 

ဂျပန်ဆူမိုချန်ပီယံ ဟာကူဟို ကိုဗစ်-၁၉ ကူးစက်ခံရ 
Photo - AFP

ဇန်နဝါရီ ၆

စံချိန်တင် ဆူမိုချန်ပီယံတစ်ဦးဖြစ်တဲ့ ဟာကူဟိုဟာ  နှစ်သစ်ကူးဆူမိုနပန်းပြိုင်ပွဲကြီးမတိုင်မီ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဂျပန်ဆူမိုအဖွဲ့ (JSA) က ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။

ဟာကူဟိုဟာ အနံ့ပျောက်သွားပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်စက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး ၎င်းနဲ့ထိတွေ့ခဲ့တဲ့ မီယာဂီနိုအဖွဲ့က တခြားနပန်းသမားတွေကိုလည်း ရောဂါပိုး ရှိ/ မရှိ ဆေးသွားမယ်လို့ သိရပါတယ်။

မွန်ဂိုလီယားနွယ်ဖွား အသက် ၃၅ နှစ်အရွယ် ဆူမိုချန်ပီယံ ဟာကူဟိုဟာ ပြိုင်ပွဲပေါင်း ၄၄ ပွဲမှာ စံချိန်တင်အနိုင်ရခဲ့သူဖြစ်ပြီး ဆူမိုနပန်းပြိုင်ပွဲရဲ့အမြင့်ဆုံးတန်းဖြစ်တဲ့ ယိုကိုဇူနာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

ဟာကူဟိုဟာ ဇန်နဝါရီ ၁၀ ရက်ကနေ ၂၄ ရက်အထိ တိုကျိုမှာကျင်းပမယ့် နှစ်သစ်ကူးဆူမိုနပန်းပြိုင်ပွဲကြီးအတွက်  လေ့ကျင့်ပြင်ဆင်နေတာဖြစ်ပါတယ်။

JSA ပြောရေးဆိုခွင့်ရှိသူရဲ့အဆိုအရ ဟာကူဟို အနေနဲ့ ပြိုင်ပွဲမှာ ပါဝင်နိုင်မလားဆိုတာ မဆုံးဖြတ်ရသေးပေမယ့် ပြိုင်ပွဲကတော့ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ အာရာရှီအိုနပန်းအဖွဲ့က ထိပ်တန်းကစားသမား ဝါကာတာကာ ကာဂဲ အပါအဝင် နပန်းသမား ၁၁ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားပြီးတဲ့နောက် ဟာကူဟို ကူးစက်ခံရတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ဂျပန်ဆူမိုနပန်းသမားတစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးကိုယ်တွင်းအင်္ဂါတွေပျက်စီးကာ အသက်ဆုံးရှုံးခဲ့ပါသေးတယ်။

ဟာကူဟိုဟာ အိုဆာကာမှာ မတ်လကကျင်းပခဲ့တဲ့ နွေဦးဆူမိုနပန်းပွဲကြီးမှာ အနိုင်ရပြီးနောက်ပိုင်း ဒူးဒဏ်ရာရခဲ့ကာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ ဒီနှစ်အတွင်းမှာပဲ သုံးပွဲဆက်တိုက် မယှဉ်ပြိုင်ဖြစ်ခဲ့လို့ JSA ရဲ့ တရားဝင်သတိပေးခြင်းကို ခံခဲ့ရပါတယ်။

မွန်ဂိုလီယားလူမျိုး ဟာကူဟိုဟာ အသက် ၁၅ နှစ်အရွယ်မှာ ဂျပန်သို့ရောက်ရှိလာကာ ဆူမိုလောကထဲဝင်ရောက်ခဲ့ပြီး ၂၀၁၉ စက်တင်ဘာမှာ ဂျပန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly