မဲရလဒ် အတည်မပြုမီ ထရမ့်ရဲ့ နှိုးဆော်မှုနဲ့ ထောက်ခံသူတွေ ဝါရှင်တန်မှ စုရုံးဆန္ဒပြ 

မဲရလဒ် အတည်မပြုမီ ထရမ့်ရဲ့ နှိုးဆော်မှုနဲ့ ထောက်ခံသူတွေ ဝါရှင်တန်မှ စုရုံးဆန္ဒပြ 
Photo - AFP

ဇန်နဝါရီ ၆

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အရှုံးကို ငြင်းဆန်ထားတဲ့ တာဝန်ထမ်းဆဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဩထားတဲ့ ဆန္ဒပြပွဲ ဆင်နွှဲကြဖို့ အကြိုမှာပဲ အင်္ဂါနေ့က ဝါရှင်တန်မှာ ထရမ့် ထောက်ခံသူ ရာပေါင်းများစွာဟာ စုရုံးဆန္ဒပြတာကို စတင်လိုက်ကြပါတယ်။ 

မြို့တော်မှာ ဗုဒ္ဓဟူးနေ့ကျရင် စုရုံးကြဖို့ ထရမ့်ရဲ့ မေတ္တာရပ်ခံ နှိုးဆော်ချက်ကို အဖြေပေး သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ အမေရိကန် နယ်အသီးသီးက လာကြတဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ရွေးကောက်ပွဲ အောင်နိုင်သူအဖြစ် အသိအမှတ်ပြု တရားဝင် ကြေညာဖြစ်ဖို့ ရှိနေတာပါ။ 

“ကျွန်မရဲ့ စစ်ဦးစီးချုပ်က ကျွန်တော်ကိုခေါ်တယ်။ ကျွန်မရဲ့ အရှင်သခင် ကယ်တင်သူဟာ ဒီကို လာခဲ့ဖို့ ပြောတာကြောင့်ပဲ။”လို့ ဆီယက်တဲလ်က အငြိမ်းစား စာရင်းကိုင်အမျိုးသမီး ဒက်ဘေးလက်စ်က ပြောပါတယ်။ 

“ကျွန်မတို့ဟာ နိုင်ငံကို ပြန်ပြီး အဖတ်ဆယ်ရုံက လွဲပြီး ကျန်တာ ဘာမှ မရှိဘူး။”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

ထရမ့်က လူထုစုရုံးမှုမှာ မိန့်ခွန်းပြောမယ်လို့ အတည်ပြုပြီး တွစ်တာပေါ်က ဖလိုဝါတွေကို အိမ်ဖြူတော်နားက နေရာတစ်ခုမှာ သူ ၁၁ နာရီကျရင် မိန့်ခွန်းပြောမှာအတွက် ကြိုလာကြဖို့လည်း တိုက်တွန်းပါတယ်။ 

ပြီးခဲ့တဲ့ လအတွင်းကတော့ ထရမ့်ဟာ သူ့ ထောက်ခံသူတွေကို ဆန္ဒပြပွဲတွေ မုန်တိုင်းထန်မယ့် နေ့ဖြစ်လိမ့်မယ်လို့ သူကတိပေးထားအတိုင်း ဝါရှင်တန်ကို လာကြသင့်တယ်လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းတွေ ကျယ်ကျယ်ပြန့်ပြန် ချထားပြီး ဆိုင်ခန်းတွေ၊ စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေ ပိတ်ထားချိန်လည်းဖြစ်တဲ့ကြားမှာ အခု ဆန္ဒပြပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်က မြို့တော်ကို လှုပ်ယမ်းစေခဲ့တဲ့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် ဖြစ်ပေါ်တဲ့ ဆူပူရမ်းကားမှုတွေ တစ်ကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ 

ထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ့ အရှုံးကို လက်ခံဖို့ ငြင်းဆန်ထားပြီး မဲမသမာမှုတွေနဲ့ အကြံအဖန်လုပ်တာတွေ ရှိနေတယ်ဆိုပြီး ခြေခြေမြစ်မြစ် မပြနိုင်ဘဲ ထပ်တလဲလဲ ပြောဆိုထားတာပါ။ 

ရီပတ်ဘရီကန် မဲပေးသူ ထက်ဝက်ကျော်ဟာ ထရမ့်နိုင်တယ်လို့ ယုံကြည်တာနဲ့ အနိုင်ရသူ မကျိန်းသေဘူးလို့ ထင်မြင်ထားကြတယ်လို့ ဟားဗတ်အပါအဝင် အမေရိကန်ထိပ်တန်း တက္ကသိုလ်ကြီးတွေက သုတေသနပညာရှင်တွေ ပြီးခဲ့တဲ့လမှာ စစ်တမ်း ကောက်ယူချက်အရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly