မြောက်ဒဂုံရှိ YGN KTV ဖွင့်လှစ်မှု မန်နေဂျာ အဖမ်းခံရပြီး ကျန် ၈၁ ဦး ခံဝန်နှင့်လွတ်  

မြောက်ဒဂုံရှိ YGN KTV ဖွင့်လှစ်မှု မန်နေဂျာ အဖမ်းခံရပြီး ကျန် ၈၁ ဦး ခံဝန်နှင့်လွတ်  
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ဇန်နဝါရီ ၅၊ ၂၀၂၁  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ YGN KTV ကို ခရိုင်အဆင့် တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေကာ ကိုဗစ်-၁၉ ကပ်ဘေးကာလ တားမြစ်ချက်ကိုဆန့်ကျင်ပြီး ဆိုင်ဖွင့်လှစ်သည်ဆိုသော စွဲဆိုချက်ဖြင့် ဆိုင်မန်နေဂျာဖြစ်သူကို ဖမ်းဆီးပြီး ကျန် ၈၁ ဦးကို ခံဝန်နှင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။  

ထို YGN KTV သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ နံနက် အစောပိုင်းက သက်ဆိုင်ရာမှ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ကျွန်တော် သိထားသလောက်ကတော့ မနက်က ကျွန်တော် သိတယ်။ သိတဲ့အချိန်မှာ ကျွန်တော် မေးတဲ့အခါမှာ လာဖမ်းတဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့မှန်း အတိအကျ မသိဘူး၊ လာဖမ်းသွားတယ်။ ဖမ်းတဲ့အခါမှာလည်း လောလောဆယ် သူတို့ကို အရင်မခေါ်ဘူး။ ဖမ်းပြီးတော့မှ လှမ်းခေါ်တယ်လို့ ကျွန်တော် ကြားထားတယ်။ မြို့နယ်ရဲတပ်ဖွဲ့ရော၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ပိုင်းက အုပ်ချုပ်ရေးမှူးတွေကိုရော၊ ဖမ်းပြီးတော့မှ ခေါ်တယ်လို့ ကျွန်တော်ကြားရတယ်။ ဒီမြို့နယ်တို့ ဘာတို့က မဟုတ်ဘူး၊ သတ်သတ် အဖွဲ့အစည်းတစ်ခုက လာဖမ်းတာ” ဟု ပြောသည်။

ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ထို KTV အား အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် အဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန်နေဂျာ အပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ လာရောက် သီဆိုသူဖောက်သည် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၈၂ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကူးစက်မှုကို တားဆီးနိုင်ရန်အတွက် KTV များအား ပိတ်ထားရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ယခုကဲ့သို့ လျှို့ဝှက် ဖွင့်လှစ်မှုများ ရှိနေသည်။  

ဓာတ်ပုံ - လာဘ်ရတနာဗိုလ်
 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ဗဟန်းမြို့နယ်ရှိ The World Wide KTV မှ ဆိုင်မန်နေဂျာနှင့် ဆိုင်သို့ လာရောက်သည့် ဖောက်သည် ရှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။  

ထို The World Wide KTV ဆိုင်မန်နေဂျာကို သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာပုဒ်မ ၂၅ ဖြင့် လည်းကောင်း၊ ဆိုင်အတွင်း လာရောက်သူဖောက် ရှစ်ဦးအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က) ဖြင့်လည်းကောင်း ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အလားတူ ယမန်နှစ်အတွင်းက လူပေါင်းရာချီ COVID-19 ကူးစက်စေခဲ့မှုကြောင့် သင်္ဃန်းမြို့နယ်၊ ဇဝနရပ်ကွက်အတွင်း ဖွင့်လှစ်ခဲ့သည့် Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခဲ့သေးသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required