စစ်ဆန့်ကျင်ရေး ဆန္ဒပြအမှုတွဲ ကျောင်းသား ကိုဘုန်းမြင့်ကျော်ကို ရဲကဖမ်းဆီး

စစ်ဆန့်ကျင်ရေး ဆန္ဒပြအမှုတွဲ ကျောင်းသား ကိုဘုန်းမြင့်ကျော်ကို ရဲကဖမ်းဆီး
Photo:ဘုန်းမြင့်ကျော် ဖေ့ဘုတ်

ဇန်နဝါရီ ၅၊ ၂၀၂၁

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့်အတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကျောင်းသားများနှင့် အမှုတွဲဖြစ်သူ ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

“နေ့ခင်း ၂ နာရီလောက် မန္တလေးတက္ကသိုလ်အနီးမှာ ဝင်ဖမ်းသွားပါတယ်။ အခုထိ ကိုဘုန်းမြင့်ကျော်က အမှတ် (၅) ရဲစခန်းမှာ ရှိနေပါသေးတယ်” ဟု ဖမ်းဆီးခံရသူနှင့် အတူရှိနေသည့် ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ မအိမွန်ခင်က ပြောသည်။

ကိုဘုန်းမြင့်ကျော်ကို အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ကျောင်းသားတွေ အဖမ်းခံရပေမယ့် ပြင်ပမှာရှိနေတဲ့ ကျောင်းသားတွေက စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ဗကသ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်သူ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

ဗကသများအဖွဲ့ချုပ် အနေဖြင့် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးကို တောင်းဆိုမှု မပြုလုပ်ဘဲ မူလလမ်းကြောင်းဖြစ်သည့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ တောင်းဆိုမှုများကိုသာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စက်တင်ဘာလအတွင်း မန္တလေးမြို့၊ စျေးချိုနာရီစင်ရှေ့တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းနှင့် စတစ်ကာကမ်ပိန်း လုပ်ခဲ့သည့် ကျောင်းသားများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ အပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့် တရားစွဲဆိုထားရာ ပါဝင်ခဲ့သူ ရတနာပုံတက္ကသိုလ်မှ ဗကသကျောင်းသား ကိုကျော်သီဟရဲကျော်နှင့် ကန့်ဘလူတက္ကသိုလ်မှ ကိုစိုးလှနိုင်တို့ ထောင်ဒဏ် ခုနစ်နှစ်နှင့် နှစ်လစီ ချမှတ်ခံထားရပြီး ရတနာပုံတက္ကသိုလ်မှ ကိုမျိုးချစ်ဇော် အပါအဝင် ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ခုနစ်ဦးကို ထောင်ဒဏ် စုစုပေါင်း တစ်နှစ်နှင့် တစ်လ ချမှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly