COVID-19 ကာကွယ်ဆေး ၃၅ သန်း ထပ်မံဝယ်ယူရန် ထိုင်းအစိုးရ ကြိုးပမ်းနေ 

COVID-19 ကာကွယ်ဆေး ၃၅ သန်း ထပ်မံဝယ်ယူရန် ထိုင်းအစိုးရ ကြိုးပမ်းနေ 
Vendors at the food court in The Mall Bang Kapi department store in Bangkok ramp up Covid-19 preventive measures at dining tables. (Photo by Varuth Hirunyatheb)

ဇန်နဝါရီ ၅ 

ထိုင်းအစိုးရသည် COVID-19 ကာကွယ်ဆေး အလုံးရေ နောက်ထပ် ၃၅ သန်း ထပ်မံဝယ်ယူရန်  ကြိုးပမ်းလျက် ရှိရာ နိုင်ငံအတွက် စုစုပေါင်း မှာယူထားသည့် ကာကွယ်ဆေးအလုံးရေပမာဏသည် ၆၃ သန်းအထိ ရှိမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားလိုက်သည်။ 

ထပ်တိုး ဝယ်ယူမည့် ကာကွယ်ဆေးများသည် မည်သည့်ကုမ္ပဏီကနေ လာမည်ဆိုသည်ကို ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။ 

သို့သော် အစိုးရအနေဖြင့် ကာကွယ်ဆေးများ ဘေးကင်းစိတ်ချရမှု ရှိရေး၊ ဘေးထွက်ဆိုးကျိုး မရှိရေး၊ နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) ၏ စံချိန်စံနှုန်းများနှင့်အညီဖြစ်ရေး အတွက် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောခဲ့သည်။ 

ထို့ပြင် ကာကွယ်ဆေးထိုးနှံမှုများကို ကိုင်တွယ်ရန်အတွက် FDA နှင့်အတူ လက်တွဲလုပ်ကိုင်ရန် ရောဂါထိန်းချုပ်ရေးဌာနနှင့် အမျိုးသား ကာကွယ်ဆေး အင်စတီကျူ့ကို ညွန်ကြားထားကြောင်း ပရာယွတ်က ပြောသည်။ 

ပထမဆုံး မှာယူထားသည့် ကာကွယ်ဆေးအလုံးရေ နှစ်သန်းသည် လာမည့် သုံးလအတွင်း တရုတ်နိုင်ငံမှ ရောက်ရှိလာမည်ဖြစ်ပြီး အစိုးရအနေဖြင့် မည်သူတို့ကို ကာကွယ်ဆေး ပထမဆုံးထိုးပေးသင့်သည် ဆိုသည့်အပေါ် ဦးစားပေးအဆင့် သတ်မှတ်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။ 

ထိုင်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂၆ သန်း ရယူရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုင်းတွင် ထုတ်လုပ်ခွင့် ရရှိရေးအတွက် ဗြိတိန်ကုမ္ပဏီ အက်စ်ထရာဇနက်ကာ (AstraZeneca) နှင့်အကြား မကြာသေးမီက သဘောတူညီချက်တစ်ခု လက်မှတ်ထိုးထားခဲ့သည်။ 

အက်စ်ထရာဇနက်ကာနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ထုတ်လုပ်ထားသည့် ဖော်မျူလာနှင့် နည်းပညာကို သုံးပြီး ထိုကာကွယ်ဆေးကို ထိုင်း၏ Siam Bioscience ဆေးကုမ္ပဏီက ထုတ်လုပ်သွားမည်ဖြစ်သည်။ 

“နောက်ထပ် ကာကွယ်ဆေး အလုံးရေ ၃၅ သန်းကို ကျွန်တော် မှာယူထားပါတယ်၊ ပြည်သူ အများစုကို ကာကွယ်ဆေးထိုးနှံပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသွားခဲ့သည်။ 

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၅၂၇ ဦး ထပ်တွေ့ကြောင်း ဇန်နဝါရီ ၅ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့ရာ ယခုအခါ ယင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၈,၉၆၆ ဦး ရှိနေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required