တရုတ်ဘီလျံနာ ဂျက်မား လူမြင်ကွင်းကနေ ၂ လကျော်ကြာ ပျောက်နေ 

တရုတ်ဘီလျံနာ ဂျက်မား လူမြင်ကွင်းကနေ ၂ လကျော်ကြာ ပျောက်နေ 

ဇန်နဝါရီ ၅ 

တရုတ်နည်းပညာကုမ္ပဏီကြီး အလီဘာဘာ (Alibaba) တည်ထောင်သူ ဂျက်မားသည် လူမြင်ကွင်းကနေ နှစ်လကျော်ကြာအောင် ပျောက်ကွယ်လျက် ရှိပြီး ယခုအခါ ၎င်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ထင်ကြေးပေးမှန်းဆမှုများကို ဖြစ်ပေါ်စေလျက် ရှိသည်။ 

၎င်း၏ စီးပွားရေးလုပ်ငန်းအင်ပါယာအပေါ် တရုတ် အာဏာပိုင်တို့ဘက်မှ စုံစမ်းစစ်ဆေးမှုများ လုပ်နေခဲ့စဉ်အတွင်း ဂျက်မားသည် ၎င်းအကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ရမည့် တီဗီရှိုးတစ်ခု၏ နောက်ဆုံးအပိုင်းတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိမှုအပါအဝင် ပြီးခဲ့သည့်နှစ်လအတွင်း လူမြင်ကွင်းရှေ့ ထွက်ပေါ်ထားခဲ့ခြင်း မရှိပေ။ 

တရုတ်၏ အထင်ပေါ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ဂျက်မားသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်း ရှန်ဟိုင်းမြို့ ဖိုရမ်တစ်ခု၌ စကားပြောခဲ့စဉ်အတွင်း တရုတ်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းမှု စနစ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းနောက်ပိုင်း ၎င်းသည် လူအများရှေ့သို့ ထွက်မလာခဲ့ပေ။ 

ဂျက်မားက ထိုသို့ ဝေဖန်ခဲ့ပြီးနောက် ၎င်းသည် တာဝန်ရှိသူများနှင့် အတိုက်အခံလမ်းကြောင်းပေါ် ရောက်ခဲ့ပြီး ရလဒ်အနေဖြင့် အလီဘာဘာ၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Ant Group ၏ ဒေါ်လာ ၃၇ ဘီလီယံခန့်ရှိ IPO (အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချမှု) လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့ရမှုကို ဖြစ်ပေါ်စေခဲ့သည်။ 

Africa’s Business Heroes ဟု ခေါ်သည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် တီဗီရှိုးတစ်ခု၏ နိုဝင်ဘာလ နောက်ဆုံးအပိုင်း၌ ဂျက်မား၏ နေရာတွင် အခြား ဒိုင်တစ်ဦးနှင့် အစားထိုးခဲ့ကြောင်း The Financial Times က ဇန်နဝါရီ ၁ ရက်က ဖော်ပြသည်။ 

ထိုကဲ့သို့ ဒိုင်အပြောင်းအလဲ လုပ်ခဲ့ရခြင်းသည် အစီအစဉ်ရေးဆွဲမှုပိုင်းတွင် တိုက်နေသည့်အတွက် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း အလီဘာဘာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၄ ရက်တွင် ရိုက်တာကို ပြောခဲ့ပြီး နောက်ထပ်မှတ်ချက်ပေးရန်  ငြင်းဆန်ခဲ့သည်။ 

ဂျက်မား၏ အောက်တိုဘာ စကားပြောဆိုမှုနောက်ပိုင်း တရုတ် စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်တို့သည် အလီဘာဘာအပေါ် ဈေးကွက်လက်ဝါးကြီးအုပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခြင်းအပါအဝင် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား စစ်ဆေးခဲ့သည်။ 

“သူ့ကို လူမြင်ကွင်းရှေ့ မထွက်ဘဲ သိုသိုသိပ်သိပ် နေဖို့ ပြောထားတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပေကျင်း အခြေစိုက် နည်းပညာဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း BDA China ၏ ဥက္ကဌ ဒွန်ကန် ကလာ့ခ်က ပြောသည်။ 

“ဒါက တော်တော်လေး ထူးခြားတဲ့ အခြေအနေတစ်ခုပါ၊ ဒါက အန့်ဂရု(ပ်) ရဲ့ အင်မတန်ကြီးတဲ့ လုပ်ငန်းအရွယ်အစားနဲ့ ဘဏ္ဍာရေး စည်းမျဉ်းကြပ်မတ်မှုဆိုင်ရာ ထိလွယ်ရှလွယ်ဖြစ်မှုတွေနဲ့ ပိုပြီး ဆက်နွယ်နေပါတယ်” ဟု ၎င်းကပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly