ဂါဇာဒေသအတွက် လေထုအတွင်းက သောက်သုံးရေထုတ်စက်တွေကို အစ္စရေးကုမ္ပဏီက ထောက်ပံ့ 

ဂါဇာဒေသအတွက် လေထုအတွင်းက သောက်သုံးရေထုတ်စက်တွေကို အစ္စရေးကုမ္ပဏီက ထောက်ပံ့ 
Photo - AFP

ဇန်နဝါရီ ၅ 

လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်ဒေသဟာ သောက်သုံးရေလုံလုံလောက်လောက် မရရှိခဲ့တာ ကြာပြီဖြစ်ပေမယ့် နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုကာ လေထုထဲကနေ ရေထုတ်ယူနိုင်တဲ့ စီမံကိန်းအသစ်ကြောင့် သောက်ရေရှားပါးမှုအခက်အခဲကို ကင်းဝေးစေခဲ့ပါတယ်။ 

၂၀၀၇ ခုနှစ်ကစပြီး အစ္စရေးရဲ့ ပိတ်ဆို့ခြင်းခံထားရတဲ့ ပါလက်စတိုင်းနယ်မြေမှာလုပ်ဆောင်တဲ့ အဆိုပါစီမံကိန်းဟာ ရုရှား-အစ္စရေးဘီလျံနာ မိုက်ကယ်မီရီလာရှ်ဗီလီ (Michael Mirilashvili) ရဲ့ စိတ်ကူးအကြံအစည်ပဲဖြစ်ပါတယ်။

မိုက်ကယ်ရဲ့ Watergen ကုမ္ပဏီဟာ လေထုစိုထိုင်းဆပေါ်မူတည်ပြီး တစ်ရက်ကို သောက်ရေ လီတာပေါင်း ၅ ၀၀၀ ကနေ ၆ ၀၀၀ (ဂါလံ ၁၃၀၀ မှ ၁၅၀၀) အထိ ထုတ်လုပ်နိုင်တဲ့ လေထုအတွင်းမှရေထုတ်စက်တွေကို တီထွင်ခဲ့ပါတယ်။ 

အစ္စရေးကုမ္ပဏီတွေဟာ ဂါဇာဒေသမှာ လုပ်ငန်းလည်ပတ်ခွင့်မရှိတာကြောင့် ပါလက်စတိုင်းလူအဖွဲ့အစည်း Damour က ၎င်းတို့ဒေသမှာ အဆိုပါရေထုတ်စက်တစ်ခုကို ဦးစီးလုပ်ဆောင်လျက်ရှိပါတယ်။ 

ရေအလွန်အကျွံသုံးစွဲခံထားရတဲ့ ရေအောင်းလွှာတွေဟာ ဆားငန်ရေဝင်ရောက်မှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ရေအများစုက ငန်လာပြီး သောက်သုံးဖို့ အန္တရာယ်ရှိလာတာကြောင့် ရေသန့်ဘူးတွေကို ဝယ်သုံးနေကြရတာပါ။

ဥရောပသမဂ္ဂအပါအဝင် အဖွဲ့အစည်းများစွာက ပင်လယ်ရေသန့်စင်စက်ရုံကြီးတစ်ခုတည်ဆောက်ပေးပြီး ဂါဇာဒေသသောက်ရေရှားပါးမှုပြဿနာကို ကူညီဖြေရှင်းပေးနေရတာဖြစ်ပါတယ်။ 

Watergen ရဲ့ရုံးတွေဟာ ဂါဇာမြောက်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀) အကွာက တယ်လာဗီးမြို့မှာ တည်ရှိပါတယ်။ 

မိုက်ကယ်မီရီလာရှ်ဗီလီဟာ ၂၀၀၉ မှာ Watergen ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး နိုင်ငံပေါင်း ၈၀ ကျော်ကို ၎င်းကုမ္ပဏီထုတ် ရေထုတ်စက်တွေ တင်ပို့ရောင်းချခဲ့ပါတယ်။

Watergen ကမ္ပဏီအကြီးအကဲ မိုက်ကယ်မီရီလာရှ်ဗီလီက "ဂါဇာကမ်းမြောင်ဒေသမှာ သောက်သုံးရေပြဿနာအခက်အခဲဖြစ်နေတယ်ကြားရတော့ ကျွန်တော်တို့ပစ္စည်းတွေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုပြီး ကျွန်တော့်လူတွေကို မေးခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဆီကလည်း သဘောတူညီချက်တောင်းရပါတယ်။ သူတို့ကလည်း ဒီစိတ်ကူးကိုသဘောကျပေမယ့် ပစ္စည်းတွေကို စစ်ဖို့လိုတယ်လို့တော့ ပြောခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေကြောင့် အချိန်ကြာသွားပေမယ့် ခွင့်ပြုချက်ရခဲ့ပါတယ်။ ဂါဇာဘက်ကလည်း သဘောကျတာသိရတော့ ဒါတကယ်လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်" လို့ပြောပါတယ်။ 

ဓာတ်အားပေးစက်ရုံတစ်ခုတည်းရှိတဲ့ ဂါဇာကမ်းမြောက်ဒေသဟာ Watergen ရဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေထုတ်စက်တွေနဲ့ သင့်လျော်မှုရှိပါတယ်။ 

Watergen ကုမ္ပဏီဟာ တစ်လုံးကို အမေရိကန်ဒေါ်လာ ၆၁ ၀၀၀ တန်ဖိုးရှိတဲ့ လေထုတွင်းမှရေထုတ်စက် နှစ်လုံးကို ဂါဇာဒေသကို လှူဒါန်းပြီးဖြစ်သလို နောက်တစ်လုံးကိုလည်း ပတ်ဝန်းကျင်သုတေသနဌာန Arava Institute ကတစ်ဆင့် ထပ်မံပို့ဆောင်ထားပါတယ်။ 

အဆိုပါစက်တွေဟာ လေထုအတွင်းက စိုထိုင်းမှုကို ဖမ်းယူပြီး ရေအဖြစ် ငွေ့ရည်ဖွဲ့စေကာ သောက်သုံးရေအဖြစ် စစ်ထုတ်တာဖြစ်ပါတယ်။

လေထုစိုထိုင်းဆ ၆၅ ရာခိုင်နှုန်းအထက်မှာ တစ်နေ့ကို သောက်သုံးရေ လီတာ ၅ ၀၀၀ လောက်ထုတ်လုပ်နိုင်ပြီး လေထုစိုထိုင်းဆ ၉၀ ရာခိုင်နှုန်းအထက်ရှိခဲ့ရင် နောက်ထပ် ရေလီတာ ၁ ၀၀၀ လောက်ထပ်မံထုတ်နိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required