ကယားပြည်နယ်၊ ကန် ၇ ဆင့်ကို ထိန်းသိမ်းရန် လိုနေ

ကယားပြည်နယ်၊ ကန် ၇ ဆင့်ကို ထိန်းသိမ်းရန် လိုနေ
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဇန်နဝါရီ ၄၊ ၂၀၂၁

ကယားပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲ ကျေးရွာရှိ ကန် ခုနစ်ဆင့်တွင် စည်းကမ်းမဲ့ လည်ပတ်မှု၊ အမှိုက်ပစ်မှုများ ပြုလုပ်လာသဖြင့် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ကန် ခုနစ်ဆင့် ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး (၂) ဦးတီရယ်က ပြောသည်။

ကန်ခုနှစ်ဆင့်ကို လာရောက်လည်ပတ်သူများ ကန်ထဲသို့ စွန့်ပစ်ထားသည့် အမှိုက်များကို ဆယ်ယူနေစဉ် ဦးတီရယ်က သတင်းထောက်များကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောခြင်းဖြစ်သည်။

“ဘာကြောင့်လဲဆိုတော့ ဒီလာပြီးတော့ မဖွယ်မရာတွေ မလုပ်သင့်ဘူး ဆိုတာလည်း စာနဲ့ တင်ထားတာရှိတယ်၊ မြို့ နယ်အထိ တင်ထားတာ ရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လိုက်ပြောရုံလောက်ပဲ။ တကယ်လည်း ကျွန်တော်တို့ မလုပ်ဖြစ်ဘူးပေါ့နော်။ စုံတွဲတွေဆို ခြုံထဲမှာ အများကြီး ဖြစ်နေတဲ့အချိန်၊ ကျွန်တော်တို့လည်း လိုက်ပြီးတော့ မောင်းပြန်တယ်။ အဲဒီလောက်ပဲ လုပ်နိုင်တယ်” ဟု ဦးတီရယ်က ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

လာရောက်လည်ပတ်သည့် စုံတွဲများ ည ၁၀ နာရီအထိ နေကြပြီး တောင်စောင့်နတ်၊ ရေကန်စောင့်နတ်များ ရှိသည်ဟု ယုံကြည်ထားသဖြင့် မဖွယ်မရာ ပြုလုပ်ရန် မသင့်လျော်ကြောင်း ပြောကြားသော်လည်း ထိန်းမရကြောင်း ဦးတီရယ်က ဆက်ပြောသည်။

ကန် ခုနစ်ဆင့်နှင့် ပတ်သက်၍ ဒေသခံအများစုက မဖွယ်မရာပြုလုပ်ခြင်း၊ မစင်စွန့်ခြင်းများ ပြုလုပ်မိပါက စိတ်မနှံ့သူများ ဖြစ်မည်ဟု ယုံကြည်ထားကြသည်။ ကန် ခုနစ်ဆင့်ကို နတ်သမီး ရေကန်ဟုလည်း ဒေသခံများ တင်စားခေါ်ဝေါ်ကြသည်။

ကိုဗစ်ရောဂါကြောင့် ကန်ခုနှစ်ဆင့်သို့ မလာရောက်ရန် ခရီးသွားများကို ပိတ်ပင်ထားသော်လည်း ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန်တွင် လာရောက်သူများပြားပြီး အမှိုက်များ ကန်ထဲသို့ ပစ်သွားကြကြောင်း သိရသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

တနီးလာလဲ ကျေးရွာမှ အမှိုက်များလာကောက်ပေးသူ အမျိုးသမီး ဦးမြာက ကန် ခုနှစ်ဆင့်သို့ လာရောက် လည်ပတ်သူများအနေဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေချင်ကြောင်း ပြောသည်။ ကန် ခုနစ်ကန် ရှိသည့်အနက် နံပါတ် (၆) ကန်ကို ခရီးသွားများ လာရောက်သူများကြောင်း သိရသည်။

လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အဖြစ် ဖော်ဆောင်နေသည့် နေရာ လေးနေရာရှိသည့် အနက် တနီးလာလဲ ကျေးရွာလည်း ပါဝင်သည်။ ကယားနှင့် ကယော တိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေါတမကြီး၊ ပန်ပက်၊ ထေခို ကျေးရွာတို့ကိုလည်း CBT အဖြစ် ဖော်ဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly