အာရပ်သူကြွယ်တွေ ဝယ်လိုအားကြောင့် ပါကစ္စတန် သိမ်းငှက်တွေကို မှောင်ခိုကူးမှု မြင့်တက်   

အာရပ်သူကြွယ်တွေ ဝယ်လိုအားကြောင့် ပါကစ္စတန် သိမ်းငှက်တွေကို မှောင်ခိုကူးမှု မြင့်တက်   
Photo - AFP

ဇန်နဝါရီ ၄၊ ၂၀၂၁ 

ပါကစ္စတန်နိုင်ငံဟာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိတဲ့ မျိုးစိတ်အပါအဝင် သားရဲ သိမ်းငှက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးပြီး အာရပ်သူကြွယ်တွေအတွက် မှောင်ခိုကူးရောင်းချရာမှာ ဆက်စပ်မှု ရှိနေပါတယ်။  

သိမ်းငှက်တွေဟာ အာရပ်သူကြွယ်တွေ အတွက်တော့  အမြတ်တနိုး တန်ဖိုးထားရတဲ့ ရတနာတစ်ပါးလို ဖြစ်နေတာပါ။ မှောင်ခိုဈေးကွက်မှာ သိမ်းငှက်တစ်ကောင်ကို ဒေါ်လာ ထောင်ပေါင်းများစွာပေးပြီး ဝယ်ယူကြပါတယ်။  

သိမ်းငှက် ဖမ်းဆီးတာကို တားမြစ်ထားပေမယ့် ဝယ်လိုအားတွေ မြင့်တက်လျက်ရှိတယ်လို့ ပါကစ္စတန်ရှိ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) က ပြောပါတယ်။   

ပြီးခဲ့တဲ့ တစ်နှစ်ထဲမှာပဲ ခန့်မှန်းခြေ သိမ်းငှက်အကောင်ရေ ၇၀၀ လောက် နိုင်ငံပြင်ပကို တရားမဝင် မှောင်ခိုကူးခံခဲ့ရပါတယ်။  

သိမ်းငှက်တွေရဲ့ လားရာကတော့ သူတို့ကို အမြတ်တနိုးနဲ့ တန်ဖိုးထားမွေးမြူတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက သူကြွယ်တွေပဲ ဖြစ်ပါတယ်။   

အသက် ၃၂ နှစ်အရွယ် မူဟာမက်ရာဖစ်က သူဖမ်းမိခဲ့တဲ့ သိမ်းငှက်ပုံကိုပြရင်း “ဒါက ကျွန်တော် တစ်ပတ်အတွင်း ဖမ်းမိခဲ့တဲ့ အမဲလိုက်သိမ်းငှက်ပါ။ ကရာချိမြို့က ပွဲစားတွေကိုခေါ်ပြီး ရောင်းခဲ့ပါတယ်။ တစ်ယောက်ကတော့ ရူပီး တစ်သန်း (အမေရိကန်ဒေါ်လာ ၁၃၇၀၀) ပေးပြီး ဝယ်ပါတယ်။  ရူပီး တစ်သန်းသုံးထောင်အထိ ဈေးပေးတဲ့သူလည်း ရှိပါတယ်” လို့ ဆိုပါတယ်။   

သိမ်းငှက် ထိန်းသိမ်းရေးသမား တစ်ဦးဖြစ်တဲ့ ဘော့ဘ်ဒေါ်လ်တန်က “သိမ်းငှက်တွေအတွက် အများဆုံး တွေ့ရလေ့ရှိတဲ့ ခြိမ်းခြောက်မှုတွေကလည်း တခြား သားကောင်ငှက်တွေလိုပါပဲ။ လူတွေရဲ့ ကျူးကျော်ဝင်ရောက်မှု၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝနေရပ် ဆုံးရှုံးမှုနဲ့ မူလ အစားအစာရင်းမြစ် ဆုံးရှုံးမှုတွေပါ။ သေနတ်ပစ်ခံရတာနဲ့ အသိုက်ဖျက်ခံရတာလိုမျိုး တိုက်ရိုက် ညှဉ်းပန်းနှိပ်စက် ခံရမှုကတော့ မရှိသလောက်ပါပဲ။ ဒါပေမယ့် အကြီးမားဆုံး ခြိမ်းခြောက်မှုက တရားမဝင် ကုန်သွယ်မှုအတွက် သိမ်းငှက်တွေကို ဖမ်းတာပါပဲ” လို့ ဆိုပါတယ်။   

ပါကစ္စတန် သိမ်းငှက်အဖွဲ့ ဥက္ကဋ္ဌ ကမ်ရန်ခန်ယူဆက်ဇိုင်းက သိမ်းငှက်တွေကို တရားမဝင် ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။  

“ကျွန်တော်တို့ ဖြေရှင်းချက်တစ်ခုရှာပြီး နည်းလမ်းတွေကို ပြင်ဆင်မယ်၊ အချက်အလက်တွေကို စုမယ်၊ အဲလိုမျိုး လုပ်ထုံးလုပ်နည်း ယန္တရားတစ်ခု လုပ်ဆောင်မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ အစီအစဉ်တစ်ခု ဖြစ်လာမှာပါ။ သိမ်းငှက်တွေကို တရားဝင် ထောင်ချောက်ဆင်ဖမ်းပြီး အာရပ်တွေကို ရောင်းလို့ရတာပဲလေ” လို့ ပြောပါတယ်။   

အဘူဒါဘီ သိမ်းငှက်ဆေးရုံက ဒါရိုက်တာ မာဂစ်မူလာရဲ့အဆိုအရ သိမ်းငှက်ပိုင်ရှင်တွေဟာ ငှက်တွေကို သူတို့ရဲ့ ကိုယ်ပိုင်သားသမီးတွေလို ပြုမူဆက်ဆံကြတယ်လို့ သိရပါတယ်။ နှစ်စဉ် ဆေးရုံမှာ ပြုစုကုသတဲ့ သိမ်းငှက်ပေါင်း ၁၁,၀၀၀ လောက်ရှိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် အကောင်ရေ နှစ်ဆလောက် များလာတယ်လို့ ပြောပါတယ်။   

အာရပ်လူမျိုး ငှက်ထိန်းသိမ်းသူ တစ်ဦးဆိုရင် သိမ်းငှက်အကောင်ရေ ၅၀၀ ကနေ ၆၀၀ အထိတောင် ပိုင်ဆိုင်ပြီး အများစုက ပါကစ္စတန် ဒါမှမဟုတ် မွန်ဂိုလီယားနိုင်ငံ တောတွေထဲက ဖမ်းမိတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦးက AFP ကို ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly