ပါကစ္စတန်မှာ သေနတ်သမားတွေက မိုင်းတွင်းလုပ်သား ၁၁ ဦးကို သတ်ဖြတ်

ပါကစ္စတန်မှာ သေနတ်သမားတွေက မိုင်းတွင်းလုပ်သား ၁၁ ဦးကို သတ်ဖြတ်
Photo - AFP

ဇန်နဝါရီ ၄၊ ၂၀၂၀

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက အစွန်အဖျားကျတဲ့ ကျောက်မီးသွေး မိုင်းတွင်းတစ်တွင်းမှာ မိုင်းတွင်းလုပ်သား ၁၁ ဦးထက်မနည်းကို သေနတ်သမားတွေက တိုက်ခိုက် သတ်ဖြတ်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

ဘလူချစ်စတန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ ရှီးယိုက် ဟာဇာရာ လူနည်းစု အစုအဖွဲ့က လူမျိုးစုဝင်တွေ ဖြစ်ပါတယ်။

“မိုင်းတွင်းလုပ်သား ၁၁ ယောက်ရဲ့ အလောင်းတွေကို ဒေသ ဆေးရုံတစ်ခုဆီ ပို့ဆောင်ထားခဲ့ပါတယ်” လို့ ယင်းဧရိယာက အစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခါလစ်ဒ် ဒါရာနီက အေအက်ဖ်ပီကို ပြောပါတယ်။

ဘလူချစ်စတန်ပြည်နယ်ရဲ့ မြို့တော် ကွက်တာမှာ ရှိတဲ့ ရှီးယိုက် လူဦးရေရဲ့ အများစုဟာ ဟာဇာရာတွေ ဖြစ်ကြပါတယ်။ ဘလူချစ်စတန်ကတော့ နိုင်ငံရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး လူမျိုးစုဆိုင်ရာ၊ ဂိုဏ်းဂဏဆိုင်ရာနဲ့ ခွဲထွက်ရေးဆိုင်ရာ ထကြွမှုတွေနဲ့ ထူပြောတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ဟာဇာရာ လူနည်းစုဝင်တွေဟာ တစ်ခါတစ်ရံ ဆွန်နီ စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထားမှုကို ခံရပြီး အဆိုပါ ဆွန်နီ စစ်သွေးကြွတွေက ဟာဇာရာတွေကို မိစ္ဆာဒိဋ္ဌိတွေလိုမျိုး ရှုမြင်ကြပါတယ်။

ဒါပေမယ့်လည်း ဒီတိုက်ခိုက်မှုမှာတော့ တိုက်ခိုက်သူတွေက ဘာကြောင့် ကျောက်မီးသွေး မိုင်းတွင်းကို အထူးတလည် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုဟာ ကွက်တာမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၆၀ အကွာမှာ ရှိတဲ့ ဝေးလံပြီး တောင်ကုန်းထူထပ်တဲ့ မာ့ချ် ဧရိယာမှာ ဇန်နဝါရီ ၃ ရက် မနက်အရုဏ်မတက်ခင် မိုင်းလုပ်သားတွေ အိပ်ပျော်နေချိန် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒါရာနီက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ ပထမဆုံး မိုင်းလုပ်သားတွေကို သီးခြားခွဲထုတ်ခဲ့ပြီး အဲဒီနောက် လက်တွေ၊ ခြေထောက်တွေကို ကြိုးတုပ်ကာ သူတို့ကို တောင်ကုန်းဘက် ခေါ်သွားပြီး သတ်ပစ်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“တိုက်ခိုက်သူတွေက မိုင်းလုပ်သားတွေရဲ့ လက်တွေ၊ ခြေတွေကို ကြိုးနဲ့တုပ်ပြီး ချွန်ထက်တဲ့ လက်နက်တွေသုံးပြီး ရက်ရက်စက်စက် သတ်သွားခဲ့တာပါ၊ တစ်ချို့ဆိုရင် ခေါင်းပါဖြတ်ခံခဲ့ရပါတယ်” လို့ အဲဒီဧရိယာက အစိုးရအရာရှိတစ်ဦးဖြစ်တဲ့ အဘစ်ဒ် ဆယ်လင်မ်က အေအက်ဖ်ပီကို ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ သတ်ဖြတ်မှုကို ကျူးလွန်ပြီးနောက် ထွက်ပြေးသွားခဲ့ကြပါတယ်။

အဲဒီနောက် ရဲတွေနဲ့ ယင်းဒေသက စစ်တပ်ကို ထောက်ကူတဲ့ လက်နက်ကိုင်တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ အဲဒီဧရိယာမှာ ဖြန့်ကျက်ပြီး တိုက်ခိုက်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဘယ်အဖွဲ့ကမှ အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ခံကြောင်း ထုတ်ဖော်မပြောသေးဘူးလို့ သိရပါတယ်။

အခုလို အပြစ်မဲ့တဲ့ ကျောက်မီးသွေး မိုင်းတွင်းလုပ်သား ၁၁ ဦးကို သတ်ဖြတ်မှုဟာ သူရဲဘောကြောင်ပြီး လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အီမရန် ခန်းက တွစ်တာ လူမှုကွန်ရက်ကနေ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly