ကယားနယ်စပ်ဂိတ်တွင် KNG အကြီးအကဲ၏ သားက သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ဟု ဆို 

ကယားနယ်စပ်ဂိတ်တွင် KNG အကြီးအကဲ၏ သားက သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ဟု ဆို 

ဇန်နဝါရီ ၃၊ ၂၀၂၁ 

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် ပီကင်းကောခူ ဌာနဆိုင်ရာ စုပေါင်းဂိတ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညက ကယန်း အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNG) အကြီးအကဲ တစ်ဦး၏ သားဖြစ်သူဆိုသူက သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်သွားကြောင်း သိရသည်။   

ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြည်နယ် အုပ်ချုပ်ရေး၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများ အနေဖြင့် ပြည်နယ်အတွင်း ဝင်ထွက် သွားလာနေသူများကို တာဝန်အရ စစ်ဆေးဆောင်ရွက်နေစဉ် သေနတ် ပစ်ဖောက်၍ ခြိမ်းခြောက်သွားခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“အဲဒီညမှာ ဂိတ်ကို ရောက်လာပြီးတော့မှ သူက ထွေအုပ်က ဝန်ထမ်းကို အဓိက ပစ်မှတ်ထားတဲ့ ပုံစံမျိုး ထွက်လာခဲ့ပေါ့၊ ဂိတ်အသွားအလာကို တအားကြီး အမိန့်ပေး တင်းကျပ်တယ်ပေါ့။ ထွေအုပ်ဌာနက တကောင်ပဲ ထွက်လာခဲ့၊ သူ့ကိုပဲ လိုချင်တယ် ဆိုပြီးတော့မှ ပထမတော့ လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်တော့ လာတယ်၊ လာပြီးတော့မှ သူက သူလက်ထဲမှာ ဘာပါမှန်း မသိဘူးပေါ့၊ ည ၂ နာရီဆိုတော့။ ခဏလေးကြာတော့ သေနတ်ဖောက်တာပေါ့။ သေနတ်နဲ့ ပစ်မယ် ဘာညာဆိုပြီးတော့ သေနတ်ဖောက်တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ 

ရဲတပ်ဖွဲ့ဝင်များက မပြုလုပ်ရန် တားဆီးလိုက်သဖြင့် KNG ဥက္ကဋ္ဌ၏သား ဖြစ်ကြောင်း ပြောဆိုကာ ပြန်လည် ထွက်ခွာသွားကြောင်း အဆိုပါ ပြည်နယ်အစိုးရနှင့် နီးစပ်သူက ပြောသည်။ KNG တပ်ဖွဲ့မှ ဥက္ကဋ္ဌ ဦးဌေးကို၏ သားဖြစ်သူတစ်ဦးက သေနတ်ပစ်ဖောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သို့သော် KNG တပ်ဖွဲ့မှ ဥက္ကဋ္ဌ ဦးဌေးကို၏ သားတစ်ဦးဖြစ်ကြောင်းကို မဇ္ဈိမ သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။ 

လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးရန်နိုင်ဝင်းက ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှန်ကန်ကြောင်း အတည်ပြုပြောဆိုပြီး ပျက်စီးရှုံးဆုံမှုများ မရှိကြောင်း မဇ္ဈိမကို ပြောသည်။ 

“အခြေအနေမှန်ကိုလည်း ထပ်ဆင့် မေးမြန်းပြီးသား။ အဲဒီတော့ ပိုထိုက်သင့်တဲ့ အရေးယူမှု ဘာတွေကတော့ သူတို့ ဘာသာ ဆက်လုပ်သွားမှာပေါ့နော်။ အဓိကတော့ ဟို ဘာပဲပြောပြော စစ်အသွင်ပြောင်းလည်း ဖြစ်နေတာလည်း ပါတယ်ပေါ့နော်။ လက်နက်ကိုင် အချင်းချင်း ဖြစ်တဲ့အတွက် ဒီ သက်ဆိုင်ရာ နယ်လုံဝန်ကြီးတို့ ဘာတို့ ချိတ်ဆက်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ဦးရန်နိုင်ဝင်းက ဆိုသည်။ 

KNG တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly