ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားလာ၍ ထိုင်းက တင်းကြပ်သည့် စည်းမျဉ်းများ ပြန်လည် ကျင့်သုံးမည် 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားလာ၍ ထိုင်းက တင်းကြပ်သည့် စည်းမျဉ်းများ ပြန်လည် ကျင့်သုံးမည် 

ဇန်နဝါရီ ၃

ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်ခြင်းကို တုံ့ပြန်ရန် လာမည့် သီတင်းပတ်များ၌ စီးပွားရေးလုပ်ငန်းကိုင်ငန်းများအပေါ် တင်းကြပ်သည့် စည်းမျဉ်းများ ပြန်လည်ချမှတ်တော့မည် ဖြစ်သည်။ 

ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းထားသော အဆိုပါ စည်းမျဉ်းတင်းကြပ်ခြင်းကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အတည်ပြုပေးရန် လိုအပ်ပြီး တနင်္ဂလာနေ့ အစောဆုံးအားဖြင့် အသက်ဝင်လာနိုင်သည်။ ဗိုင်းရပ်စ်ကူးစက်မှု ဘေးအန္တရာယ် မြင့်မားသော နေရာများတွင် စီးပွားရေးလုပ်ငန်းကိုင်ငန်းများ ပိတ်ခြင်း၊ အချိန်ပိုင်းသာ ဖွင့်လှစ်ပေးခြင်းအပြင် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ခရီးသွားလာမှုများကိုပါ တားမြစ်ပိတ်ပင်မည် ဖြစ်သည်။ 

ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းတွင် ထိုင်းနိုင်ငံသည် အခြားသော အရှေ့တောင်အာရှနိုင်ငံများထက် ပို၍ ကောင်းမွန်သော အခြေအနေရှိသောလည်း ကပ်ဘေးထိုးနှက်ခံရသည့် ခရီးသွားလုပ်ငန်းကြောင့် စီးပွားရေးမှာ ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ထိတိုင်အောင် ချမှတ်ထားနိုင်သော စည်းမျဉ်းကန့်သတ်ချက်များကို ပြည်နယ်အုပ်ချုပ်ရေးမှူးများက ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းကြမည် ဖြစ်သည်။ ဗိုင်းရပ်စ် ပြန့်နှံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပါက ညမထွက်ရအမိန့်နှင့် ပြည်နယ်တစ်လျှောက် သွားလာခွင့် ပိတ်ခြင်းတို့အပြင် ပို၍ တင်းကြပ်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်လည်း ရှိသည်။ 

ဘန်ကောက်က ဖျော်ဖြေရေးနေရာများနှင့် စာသင်ကျောင်းများကို ပိတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြင့် သောကြာနေ့တွင် အခြားသော အရပ်များ၏ ရှေ့ကစတင် လုပ်ဆောင်လာခဲ့သည်။ မြို့တော်အနေဖြင့် နောက်ထပ် စားသောက်ဆိုင်များတွင် ထိုင်စားကြခြင်းကို ပိတ်ပင်ခြင်းကဲ့သို့ နောက်ထပ် ကန့်သတ်ချက်များကိုလည်း စဉ်းစား သုံးသပ်လျက် ရှိသည်။ 

ဒီဇင်ဘာအတွင်းက ပင်လယ်စာဈေးတစ်ဈေးနှင့် ဆက်စပ်ကာ လူပေါင်း ၁၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရချိန်ကစ၍ ကိုဗစ်-၁၉ လှိုင်းသစ်က ထိုင်းနိုင်ငံကို ရိုက်ခတ်လာခဲ့သည်။ 

ကိုဗစ်-၁၉ လျှော့ချရေးအတွက် ကပ်ဘေးကာလအတွင်း နိုင်ငံခြားဧည့်သည် ဝင်ရောက်ခွင့်ကို တင်းကြပ်စွာ ကန့်သတ်ထားသော်လည်း မြန်မာဖက်မှ အလုပ်လုပ်ရန် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကြောင့် ကူးစက်ပျံ့နှံ့မှု ဖြစ်ရသည်ဟ အချို့က အပြစ်ပုံကြသည်။ 

ထိုင်းနိုင်ငံတွင် သောကြာနေ့က လူပေါင်း ၂၁၆ ဦးကို ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် စနေနေ့အထိ စုစုပေါင်း ကူးစက်သူနှုန်းထားသည် ၇၃၇၉ ဦး ရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။ 

နိုင်ငံတွင် အဦးဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားချိန်က တုံ့ပြန်သည့် အနေဖြင့် ထိုင်းနိုင်ငံသည် မတ်လအတွင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထို ကြေညာချက်က မရုပ်သိမ်းရသေးဘဲ ရှိနေခြင်းကြောင့် ဝန်ကြီးချုပ်အနေဖြင့် လူမှုရေးနှင့် စီးပွားရေး လှုပ်ရှားဆောင်ရွက်မှုများအပေါ် တင်းကြပ်သည့် ကန့်သတ်ချက်များ ပြန်လည်ကျင့်သုံးပိုင်ခွင့် ရှိနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly