ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး စီမံကိန်းကြီးအတွက် အိန္ဒိယနိုင်ငံအနှံ့ ပြင်ဆင် 

ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး စီမံကိန်းကြီးအတွက် အိန္ဒိယနိုင်ငံအနှံ့ ပြင်ဆင် 
Photo - AFP

 ဇန်နဝါရီ ၃

အိန္ဒိယမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ဆေးဝါးကွပ်ကဲရေးက အတည်ပြုတော့ရန် စိုင်းပြင်းနေတဲ့အချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထိုးနှံပေးရေး စီမံကိန်းကြီးအတွက် ‌စနေနေ့မှာ နိုင်ငံအနှံ့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ 

အစိုးရ အဖွဲ့တစ်ရပ်က အမေရိကန်ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့က ပူးတွဲ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုနိုင်ကြောင်း မှတ်ချက်ပေးထားတာဖြစ်သလို အိန္ဒိယ ဆေးဝါးထိန်ချုပ်ရေးအာဏာပိုင်အဖွဲ့က နောက်ဆုံး အတည်ပြုချက် ပေးတဲ့အခါမှာ လာမယ့် သီတင်းပတ်တွေအတွင်း ပထမဆုံး ဆေးထိုးနှံဖြစ်ဖို့ ရှိနေတာပါ။ 

ကပ်ဘေးအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၀ ဒသမ ၂ သန်းရှိလို့ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယအများဆုံး ကူးစက်နေတဲ့ အိန္ဒိယဟာ နိုင်ငံ လူဦးရေ ၁ ဒသမ ၃ ဘီလီယံမှာ သန်း ၃၀၀ ကို ၂၀၂၁ နှစ်လယ်မကျော်ခင် ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ဖို့ ရည်မှန်းချက်ကြီးကြီး ချထားကာ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ 

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်တဲ့ အိန္ဒိယက Serum Institute ဟာ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်အတွက် AstraZeneca ကိုဗစ်ကာကွယ်ဆေး သန်းထောင်ပေါင်းများစွာ စုဆောင်းထားပြီးဖြစ်သလို ကာကွယ်ဆေး ထိုးနှံတဲ့ လုပ်ငန်းအတွက် ကျန်းမာရေးဝန်ထမ်း ၉၆၀၀၀ ကို လေ့ကျင့်ပြင်ဆင်ပေးလျက် ရှိနေပါတယ်။ 

လက်တွေ့ ထိုးနှံမှု မစတင်ခင် နိုင်ငံအနှံ့က စင်တာတိုင်းမှာ ကျန်းမာရေး ဝန်ထမ်း ၂၅ ဦးထားပြီး ကာကွယ်ဆေးတု ထိုးနှံပေးတာနဲ့ ကြိုတင်လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ 

ခုလို ကြိုတင်လေ့ကျင့်ပေးတာကနေ ကျွမ်းကျင်မှုကို တည်ဆောက်ထားပြီးဖြစ်ပြီး ဒါမှပဲ လာတော့မှာ လက်တွေ့ ထိုးနှံပေးတဲ့အခါမှာ အဆင်ပြေချောမောမှာ ဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဗာဒဟန်က ပြောပါတယ်။ အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်စေတာကလည်း ကာကွယ်ဆေး ထိုးနှံရမှာကို ကြောက်လန့်အောင် ဖန်တီးနေတဲ့ ကောလဟလတွေကို ချေဖျက်တာလို့ပါ သူက ဆိုပါတယ်။ 

အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကူးစက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်ပေမယ့် စက်တင်ဘာလလယ်က တစ်နေ့တည်း လူ ကိုးသောင်း ကူးစက်တဲ့အထိ အထွဋ်အထိပ် ရောက်ခဲ့ပြီးနောက်မှာ ကူးစက်မှု သိသိသာသာ ကျလာခဲ့သလို ဆေသုံးမှုနှုန်းဟာလည်း အခြား ဆိုးဝါးစွာ ကြုံတွေ့နေရတဲ့ နိုင်ငံတွေထက် နည်းပါးနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly