ခရိုအေးရှားမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး 

ခရိုအေးရှားမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး 
Photo - AFP

ဇန်နဝါရီ ၃ 

ခရိုအေးရှားနိုင်ငံမှာ အားပြင်းမြေငလျင်တစ်ခုရဲ့ ဒဏ်ခံခဲ့ရတဲ့ သက်ကြီးပြည်သူတွေကို ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၂ ရက်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ပါတယ်။ 

ငလျင်ဒဏ်ခံခဲ့ရသူတွေကတော့ ပက်ထရင်ဂျာမြို့မှာရှိတဲ့ စစ်တပ် စစ်တန်းလျားတစ်ခုဆီ ထွက်ပြေးထားခဲ့ကြရတာဖြစ်ပါတယ်။  

နိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ ပက်ထရင်ဂျာမြို့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့တာကြောင့် လူ ခုနစ်ဦး သေဆုံးပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။ 

ငလျင်လှုပ်ပြီး လေးရက်အကြာမှာတော့ ငလျင်ဒဏ်ခံရတဲ့ ဧရိယာက ဒေသခံတွေဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတဲ့ ၎င်းတို့ရဲ့ နေအိမ်တွေက အပျက်အစီးတွေကို ရှင်းလင်းခဲ့ကြရပါတယ်။  

အဆိုပါ ငလျင်ဘေးသင့်ခဲ့တဲ့ ဧရိယာကတော့ ခရိုအေးရှားမှာ အဆင်းရဲဆုံး ဧရိယာတစ်ခု ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဒေသခံ ရာနဲ့ချီတို့ ၎င်းတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားဖို့ မတတ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ချို့ကလည်း နေအိမ်တွေဆီ ပြန်မသွားရဲတော့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

ယခုအခါမှာ နိုင်ငံပေါင်း ၂၀ လောက်ကတော့ ခရိုအေးရှားဆီ အကူအညီတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly