မူဆယ်ရှိ မန်ဝိန်း နယ်စပ်ဂိတ်အား စမ်းသပ် ကာလဖြင့် အချိန်ပြည့် ဖွင့်လှစ်ရန် တရုတ်ဘက်က သဘောတူ 

မူဆယ်ရှိ မန်ဝိန်း နယ်စပ်ဂိတ်အား စမ်းသပ် ကာလဖြင့် အချိန်ပြည့် ဖွင့်လှစ်ရန် တရုတ်ဘက်က သဘောတူ 
Photo - AFP

ဇန်နဝါရီ ၂ရက်   

တရုတ်- မြန်မာနယ်စပ် မူဆယ်ရှိ မန်ဝိန်းဂိတ် အား လက်ရှိတွင် အချိန်ပိုင်းသာ ဖွင့်ခွင့်ပြုထားရာမှ ပိတ်ချိန်မရှိဘဲ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ခြင်းကို စမ်းသပ်ကာလဖြင့် ခွင့်ပြုရန် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများက သဘောတူလိုက်ပြီဖြစ်ကြောင်း  မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။   

လက်ရှိတွင် အဆိုပါဂိတ်ပေါက်မှ ကုန်တင်ယာဉ်များအား ယာဉ်မောင်း အစားထိုး စနစ်ဖြင့် နံနက် ခြောက်နာရီခွဲမှ ည ၁၀နာရီခွဲအထိ တရုတ်နိုင်ငံဘက်သို့ ဝင်ခွင့်ပေးနေသော်လည်း ကုန်တင်ယာဉ်ပမာဏများပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။  

 “လောလောဆယ်အကြမ်းဖျင်းညှိနှိုင်းထားတာကတော့ လက်ရှိက ဂိတ်ကရှိပြီးသားလေ။ ဂိတ်ပိတ်တဲ့အချိန်ပဲ ပြောင်းသွားတာပေါ့။ အဲ့တော့ ဂိတ်ကိုမပိတ်တော့ဘူးဆိုတော့ သူတို့ဘက်ကလည်း သူတို့တာဝန်အရ စစ်ဆေးဆောင်ရွက်မှာတွေက ရှိပြီးသားပဲ။ မြန်မာဘက်ကလည်း ဒီလိုပဲပေါ့ မြန်မာတာဝန်ကျတဲ့သူတွေကို အဆိုင်းတွေခွဲပြီး တာဝန်ခွဲပေးရမှာပေါ့။ လောလောဆယ်တော့ စည်းကမ်းချက်ဘာညာ သတ်မှတ်ချက်တွေ မရှိသေးဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ (ဇန်နဝါရီ ၂ ရက်) နေ့လည် ၂နာရီတော့ ဆွေးနွေးဖို့ ချိန်းထားတယ်” ဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။ 

အဆိုပါ အချိန်ပြည့် ဖြတ်သန်းခွင့်ကို ဇန်နဝါရီ ၅ရက်မှ ၁၅ ရက်နေ့အထိ ၁၀ရက်ကြာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ 

တရုတ်- မြန်မာနယ်စပ်ရှိ မန်ဝိန်းဂိတ်အား ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး အတွက် ဒီဇင်ဘာ လဆန်းပိုင်းက မူဆယ်ကုန်သွယ်ရေးဌာန တာဝန်ရှိသူများနှင့် ရွှေလီမြို့တော်ဝန်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်မှုဦးစီးဌာနမှ တာဝန်ရှိသူများဆွေးနွေးခဲ့ကြပြီးနောက် မကြာသေးမီ ရက်ပိုင်းက ခွင့်ပြုစာရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဂိတ်အား အချိန်ပြည့်ဖြတ်သန်းခွင့်ပြုခြင်းကို ၁၀ရက်ကြာ စမ်းသပ်ကာလအဖြစ်ဖွင့်လှစ်ပြီးနောက် ထွက်လာမည့်အဖြေပေါ်မူတည်ကာ တရုတ်နိုင်ငံဘက်မှ ဆက်လက် ဖွင့်လှစ်ပေးမည်ဟု ထင်မြင်ကြောင်း ဦးမောင်မောင်သန်းက ဆိုသည်။ 

လက်ရှိတွင် မြန်မာဘက်မှ တရုတ်နိုင်ငံသို့ သွားမည့် ကုန်ကားများအား နယ်စပ်ဂိတ်ပေါက်သို့ရောက်ပါက တရုတ်နိုင်ငံဘက်မှ ခန့်ထားသည့် အစားထိုးယာဉ်မောင်းက မောင်းနှင်ရခြင်းဖြစ်ပြီး ဖော်ပြပါ စမ်းသပ်ကာလတွင်လည်း ထိုကဲ့သို့ အစားထိုးယာဉ်မောင်းဖြင့်သာ မောင်းနှင်ရမည်ဖြစ်သည်။ 

“သူတို့ဘက်ကလည်းစစ်တယ်။ သူတို့ဘက်က ကားဝင်ပြီဆိုတာနဲ့ ပိုးသတ်ဆေးဖြန်းတယ်။ သူတို့ ရှန်တိန်ယာဉ်မောင်းနဲ့ သူတို့ယူသွားတာ။ ဗမာဘက်က ကားသမားက အဲ့ကားရပ်တဲ့ဂိတ်မှာရပ်ပြီးတော့ ဗမာဘက်ကားသမားက ဒီဘက်မှာ ကျန်ခဲ့ရတာ။ သူတို့ရွေးချယ်ထားတဲ့ ယာဉ်မောင်းတွေ ခန့်ထားတဲ့ ယာဉ်မောင်းတွေရှိတယ်” ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဆိုသည်။ 

မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ အစားထိုး မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကျန်းမာရေးဌာနက ကိုဗစ်ရောဂါ ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့သည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော် တင်ပို့ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော်ရှိသည်။   

မန်ဝိန်းဂိတ်မှတစ်ဆင့် ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် ကုန်ခြောက်များတင်ဆောင်သည့် ကားကြီးများ အဓိက ဖြတ်သန်းလျှက်ရှိပြီး ကုန်စိုများနှင့် ရော်ဘာ၊ ကြက်သွန်များ တင်ဆောင်သည့် ကားကြီးများလည်း ဖြတ်သန်းနေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly