ကိုဗစ်အကန့်အသတ်ကြား ကမ္ဘာတဝန်း နှစ်သစ်ကြိုပွဲတွေကျင်းပ 

01 January 2021
ကိုဗစ်အကန့်အသတ်ကြား ကမ္ဘာတဝန်း နှစ်သစ်ကြိုပွဲတွေကျင်းပ 

2021 ကို အစောဆုံး ကြိုဆိုတဲ့ နိုင်ငံတွေထဲကတခုဖြစ်တဲ့ Australia နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် အရင်နှစ်တွေလို နှစ်သစ်ကြိုပွဲတွေကို မကျင်းပနိုင်ခဲ့ပါဘူး။ အကြီးဆုံးပြည်နယ်ကြီး ၂ ခုဖြစ်တဲ့ New South Wales နဲ့ Victoria ပြည်တွေမှာ စုဝေးပျော်ပွဲ ရွှင်ပွဲတွေလုပ်တာ၊ ပြည်နယ် ၂ ခုကြားဖြတ်ကျော်သွားလာတာမျိုးတွေမလုပ်ဖို့ ကန့်သတ်တားမြစ်ထားပါတယ်။ နှစ်စဉ် လူသန်းနဲ့ချီ လာလေ့ရှိတဲ့ New South Wales ပြည်နယ် Sydney ၿမိဳ႕ Sydney Harbour မှာလုပ်တဲ့ မီးပန်းဖောက်ပွဲအခမ်းအနားကို ဒီနှစ်မှာတော့ ရုပ်မြင်သံကြားပေါ်ကနေပဲ ကြည့်ခွင့်ရကြပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကိုဗစ်ရောဂါ ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ နိုင်ငံတဝန်း နှစ်သစ်ကူးကြို လုစုဝေးမှုတွေ ပွဲလမ်းတွေကို တားမြစ်ထားပါတယ်။ အများပြည်သူတွေအနေနဲ့ ခရီးသွားလာမှု မလုပ်ကြဖို့ အာဏာပိုင်တွေက ပန်ကြားထားသလို ထိုင်းနိုင်ငံထဲက ဖျော်ဖြေရေးလုပ်ငန်းတွေအပါအဝင် တချို့နေရာတွေမှာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံထဲက ခရိုင်ထက်ဝက်ကျော်မှာ ကိုဗစ်အတည်ပြုလူနာတွေရှိနေတာကြောင့် တချို့ခရိုင်တွေမှာ lockdown ကန့်သတ်ချက်တွေကို ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။   

ကိုဗစ်အတည်ပြုလူနာတွေ ပြန်လည်မြင့်တက်နေတဲ့ ဗြိတိန်မှာလည်း နှစ်သစ်ကူးည အိမ်ထဲမှာပဲ နေကြဖို့ ဝန်ကြီးချုပ် Boris Johnson ကတိုက်တွန်းထားပါတယ်။ ဗြိတိန်တနိုင်ငံလုံးရဲ့ ၄ ပုံ ၃ ပုံနီးပါးကိုလည်း ဒီနေ့က စပြီး အဆင့်အမြင့်ဆုံး tier 4 ရောဂါကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေထုတ်ပြန်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု New York ၿမိဳ႕ Times Square မှာ နှစ်တိုင်းလုပ်နေကြ နှစ်သစ်ကူးကြိုအခမ်းအနားကို အများပြည်သူ လာရောက်စုဝေးကြည့်ခွင့် ပိတ်ထားပါတယ်။ Crystal ဘောလုံးကြီး အောက်ကိုကျလာပြီး နှစ်သစ်ကြိုတဲ့အခမ်းအနားကို နိုင်ငံတဝန်းရုပ်မြင်သံကြားတွေပေါ်ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly