အင်တာနက်မဲ့ ပဋိပက္ခဇုံနှင့် ပြည်သူ များ၏ သတင်းသိပိုင်ခွင့်

By ကောင်းမြတ်နိုင်
01 January 2021
အင်တာနက်မဲ့ ပဋိပက္ခဇုံနှင့် ပြည်သူ များ၏ သတင်းသိပိုင်ခွင့်

ဇန်နဝါရီလ ၁ ၊ ၂၀၂၁

သတင်းမသိသောရှေးဟောင်းမြို့

နှစ်နှစ်ကျော်ကြာ တိုက်ပွဲဒဏ်တွေကြားက ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်(ယူနစ္စကို) ဝင်ရန်ကြိုးစားနေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၏ ဒီဇင်ဘာလ ဆောင်းတစ်နေ့သည် သဘာဝပန်းချီကားတစ်ချပ်ပမာ လှပသာယာ တင့်တယ်လွန်းနေပါသည်။

ထိုမြို့၏ ကြက်ဈေးလမ်းဆုံအနီးရှိ မြသိင်္ဂီအမည်ရှိ စာအုပ်အရောင်းဆိုင်တွင် ဒေသခံအမျိုးသမီးငယ်တစ်ဦးမှာ ဖတ်လက်စစာအုပ်ကိုကိုင်ရင်းက ပြုံးပြနှုတ်ဆက်ပါသည်။

သူမမှာ အသက် ၂၇ နှစ်အရွယ် စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်ပြီး မြောက်ဦးဇာတိ ခေတ်ပညာတတ် အမျိုးသမီးငယ်တစ်ဦးလည်း ဖြစ်ပါသည်။

"ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်။ ဘာတွေထူးခြားနေတယ်ဆိုတာ မသိရပါဘူး။ လူတိုင်းရသင့်တဲ့အခွင့်အရေးကို တန်းတူမရဘူးလို့ ခံစားရပါတယ်။'' ဟု မခိုင်မြတ်သူက ခပ်ပြုံးပြုံးလေး ပြောပါသည်။

သူမမွေးဖွားကြီးပြင်းရှင်သန်နေထိုင်နေသည့် မြောက်ဦးရှေးဟောင်းမြို့တွင် အင်တာနက်လိုင်း အပြည့်အဝ မရရှိမှု၊  သတင်းအချက်အလက်ကို အချိန်နှင့် တပြေးညီမသိရှိရမှုကလည်း သူမ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့် စာအုပ်စာပေနှင့်စာရေးကိရိယာ အရောင်းဆိုင်အတွက်လည်း အခက်အခဲများ ဖြစ်စေကြောင်း ရှင်းပြသည်။

"အင်တာနက်အပြည့်အဝရရင်တော့ဘယ်စာအုပ်အသစ်ထွက်တယ်။ ဘယ်စာအုပ်တွေက လူကြိုက်များနေတာသိရတော့ အွန်လိုင်းက ချက်ချင်းမှာရတာပေါ့။ ခုက ဘာမှမသိရတော့ အခက်အခဲတွေဖြစ်တာပေါ့။''ဟုသူမက ဆက်ပြောပါသည်။
 
တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသ ည်ကို အကြောင်းပြု၍ ၂၀၁၉ ခုနှစ် ဇွန်လ၂၁ ရက်နေ့မှစတ င်၍ ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရ သေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊  မောင်တော၊  ဘူးသီးတောင် စသည့်မြို့နယ်များနှင့် ချင်း ပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကိုအင်တာနက် ဆက်သွယ်မှုအား အစိုးရက ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖြတ်တောက်ခဲ့သည်။ နောက်ပိုင်းတွင် အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း မြန်နှုန်းကို သိသိသာသာလျော့ချထားခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် သတင်းအချ က်အလက်သိပိုင်ခွင့်ပါဝင်သည့် ကုလသမ္ဂ၏ထောင်စုနှစ် ရည်မှန်ချက်ပန်းတို င်များဖြစ်သည့် ကုလသမဂ္ဂအဖွဲ့ (UN) ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs)၏ ပစ်မှတ် ၁၆ ဒသမ ၁၀ကို အကောင်အထည်ဖော်ပါမည် ဟု ကတိပြုထားပါသည်။

မြန်မာပြည်ထဲက ပဋိပက္ခဇုံ

၂၀၁၀ အထွေထွေရွေးကောက်ပွဲအလွန် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲများနှင့်အတူ ရခိုင်ပြည်နယ်ထဲတွင်ပဋိပက္ခပေါင်းစုံ ဖြစ်ပွားလာစေခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ယောက် သေဆုံးပြီး ၂၆၅ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ခန့်မှန်းခြေ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ ကြရသည် ဟု ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်၏  ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါသည်။
 
ထိုနောက်၂၀၁၇ သြဂုတ်လဖြစ်စဉ်ကြောင့် သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀ ၁၈  မတ်လအထိ မူဆလင်ကျေးရွာပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည် ဟု လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW)က ၂၀၁၈ ခုနှစ်မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ထိုအပြင် ၂၀၁၈ ဒီဇင်ဘာလက ပြန်လည်စတင်လာခဲ့ပြီး ၂၀၁၉ ဇန္နဝါရီ လ ၄ ရက်၊  လွတ်လပ်ရေးနေ့မှဖြစ်ပေါ်ခဲ့သည့် ဘူးသီးတောင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်း လေးခုတိုက်ခိုက်မှု နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း  တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာစေခဲ့ပါသည်။

 အင်တာနက်ဖြတ်တောက်မှုအကျိုးဆက်နှင့်ပတ်သက်၍ ရခိုင်ြ့ပည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက "အစိုးရအတွက် ပြောချင်တဲ့သတင်းအချက်အလက်တွေကို ပြည်သူလူထုတွေသိအောင် မပြောနိုင်ဘူး။ ကိုဗစ်လည်း ဖြစ်နေတဲ့အချိန်မှာ သတင်းအချက်အလက်တွေကို ပြည်သူတွေ အချိန်နဲ့တပြေးညီ သိဖို့လိုအပ်ပါတယ်။'' ဟု ပြောပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက "လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဒီအင်တာနက်ဖြတ်တောက်ထားတဲ့ အတွက်ကြောင့်မို့ တိုက်ပွဲတွေ ရပ်သွားတာတွေ၊  ငြိမ်းချမ်းရေးရသွားတဲ့ဟာတွေ မရှိခဲ့ပါဘူး။''ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ''အများပြည်သူအကျိုးစီးပွားအတွက်'' ဟု ဆိုကာ တစ်နှစ်ကျော်ကြာသည့် အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ခဲ့ပါသည်။

"ဒီအင်တာနက်ဖြတ်တောက်မှုဟာ ပြည်သူတွေကိုသာ ပိုပြီးတော့ ထိခိုက်စေပါတယ်။ ပြည်သူတွေကို ထိခိုက်စေတဲ့ အရာတွေကို ဘယ်အဖွဲ့အစည်း၊ဘယ်အစိုးရမှ ဆောင်ရွက်တာကို ဒီမိုကရေစီ
နိုင်ငံတွေမှာ ကျွန်မတို့ မတွေ့ရပါဘူး။''  ဟု ဒေါ်ထုမေက ထောက်ပြပြောဆိုပါသည်။

၂၀၂၀ ခုနှစ် မေလ ၂ ရ က်နေ့တွင်  နိုင်ငံတကာ၏ဖိအားပေးစောင့်ကြည့်မှုခံနေရသည့် မောင်တောမြို့နယ် တစ်ခုတည်းကို အင်တာနက်ပြန်ဖွင့်ပေးခဲ့ပြီး ကျန်သည့် ရှစ်မြို့နယ်စလုံးအား ဆက်လက် ဖြတ်တောက်ထားခဲ့ပါသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် ဘူးသီးတောင်၊ ရသေ့တောင်၊ မြေ ပုံနှင့် ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည်ဖြတ်တောက်လိုက်ပါသည်။ ယင်းနောက် ၂၀၂၀ သြဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ရသေ့ တောင်၊မြောက်ဦး၊မင်းပြား၊မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့် ပေးခဲ့ပါသည်။ ထိုသို့ဖွင့်ပေးသော်လည်း မြန်နှုန်းမြင့်အင်တာနက်ရသော 4G မ ဟုတ်ဘဲ 2G သာ ဖြစ်သည်။
 

ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာမျိုးဆက် 2G
 
အင်တာနက်ဆက်သွယ်ရာတွင် အချက်ပြလှိုင်းများ (သို့မဟုတ်) ဆစ်ဂနယ်အားကောင်းမှုပေါ်မူတည်ကာ  အင်တာနက်မြန်နှုန်းကွဲပြားသည်။ မိုဘိုင်းကွန်ရက်ကိုမျိုးဆက်အားဖြင့်ခွဲခြားက 1G၊ 2G၊ 3G၊ 4G၊ 5G ဟူ၍ အတိုကောက်သတ်မှတ်ခေါ်ဝေါ်ကြသည်။ G ဆိုသည်မှာ Generation မျိုးဆက်ကိုဆိုလိုသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတဝှမ်းတွင် 4G အသုံးပြုသည်။
 
ဒုတိယမျိုးဆက် 2G တွေက အသံဆက်သွယ်မှုအတွက် သုံးစွဲကြတာ (ဝါ) ဖုန်းပြောဖို့အတွက်သာ အဓိက ဖြစ်သည်။  ဒေတာကအလွန်အမင်းအကန့်အသတ်ဖြစ်ကာ ဗီဒီယိုဖိုင်တွေဆို ပို့လို့မရ။  
 
"ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ဖြတ်တောက်ထားမှုကို အမြန်ဆုံး (4G)ရအောင် ဆောက်ရွက်ပေးဖို့ လိုပါတယ်။ ဒါဟာ ကျမတို့ရဲ့ အခြေခံ လူ့အခွင့်ရေးရပိုင်ခွင့်ပဲဖြစ်ပါတယ်။'' ဟု ဒေါ်ထုမေက ပြောပါသည်။
 
သတင်းသိခွင့်မရသောစစ်ဘေးရှောင်များဘဝ

နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ပြင်းထန်လာခဲ့သည့် တိုက်ပွဲများနှင့်အတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင်များသည် သတင်းအချက် အလက်သိရှိခွင့်များ၊ လူသားချင်းစာနာမှုအကူအညီများစသည့် အခြေခံလူ့အခွင့်အလမ်းများကို ဆုံးရှုံးနေခဲ့ကြရပါသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ အများကြီးရှိနေပါတယ်။ အဲဒီဒုက္ခသည်တွေအနေနဲ့လည်း သူတို့နေ ထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာက စား နပ်ရိက္ခာက ရှားပါးပါတယ်။ နောက်ပြီးတော့ အခုလို ဆောင်းရာသီကာလဆိုတော့ စောင်ကအစပေါ့၊ အနွေးထည် အင်္ကျီတွေပါ လိုအပ် နေပါတယ်။''ဟုမြောက်ဦးမြို့နယ်မှ ပြည်န ယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခြေ ခံလူ့အခွင့်အရေးဆုံးရှုံးနေမှုများနှင့် လိုအပ်ချက်များကို ထောက်ပြပြောဆိုပါသည်။

ရခိုင်နှင့်ချင်းမှ စစ်ဘေးရှောင်ပြည်သူများသည် နိုင်ငံတ ကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှအလှူ ရှင်များ၏ အကူအညီ၊ အထောက်အပံ့များဖြင့် အသက်ရှင်ရပ်တည်နေကြရပြီး အင်တာနက်လိုင်း အပြည့်အဝမရရှိခြင်း သတင်းအချက်အလက်ရရှိ စီးဆင်းမှုကို ခက်ခဲစေသလို အကူအညီ တောင်ခံရရှိခွင့်များကိုလည်း ပိတ်ပင် တားဆီးခံနေရသလိုဖြစ်နေကြောင့် စစ်ဘေးရှောင်အရေး ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုပါသည်။

ကိုဗစ်ရောဂါကိုအကြောင်းကို အချိန်နှင့် တပြေးညီမသိရသူများ
 
အင်တာနက်လိုင်းအခက်အခဲက ရခိုင်ပြည်နယ် မြို့နယ်များတွင်  COVID-19 သတင်းကို အချိန်နှင့်တပြေးညီ  သိရှိခွင့်ကို ဆုံးရှုံးနေကြဆဲဖြစ်သည်။

" ဘယ်နေရာ ဘယ်ဒေသမှာ ကိုဗစ် ၁၉ အများဆုံး ဖြစ်ပွားနေလဲ မသိကြရပါဘူး။ တစ်ချို့ဆိုရင် အင်တာနက် လိုင်းမရတဲ့အတွက်နဲ့ ရောဂါလက္ခဏာကို မသိကြတော့ နေမကောင်းဖြစ်လာရင်တောင် တိတ်တိတ်ပုန်းဖြစ်နေ၊ ကုနေကြတာလည်းရှိနေပါမယ်" ဟု ဦးထွန်းသာစိန်က ပြောပါသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိချိန်မှ စတင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အွန်လိုင်းမှတစ်ဆင့် ပြည်သူများနှင့် တိုက်ရိုက်ဆွေးနွေးမှုများပြု လုပ်လာပြီး အရေးကြီးသတင်းအချက်အလက်များကို အွန်လိုင်းမှပုံမှန်ပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။

"အင်တာနက်ကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားတော့ ကိုဗစ် Positiveလည်း တွေ့ရော့ ကျနော် အခက်အခဲတွေကြုံရပါတယ်။ အချိန်နဲ့တပြေးညီ လိုအပ်တဲ့စာရွက်စာတမ်းတွေ မပို့နိုင်ဘူး။ ဖုန်းကနေတဆင့်ပဲ ပြောနိုင်တဲ့ ဟာလေးတွေ၊ ကျနော်လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူတဲ့အခါမှာလည်း အရမ်း အခက်အခဲတွေကြုံရပါတယ်။'' ဟု ၂၀၁၂ မှ စတင်ကာ ယခုအချိန်ထိ ပဋိပက္ခများအကြိမ်ကြိမ်ဖြစ်နေသည့် ဘူးသီးတောင်မြို့နယ်မှမြို့နယ်ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာစောမင်းသိန်းက  ရှင်းပြသည်။
 
ထိုဒေသများရှိမြို့နယ်ဆရာဝန်များမှာလည်း ကိုဗစ်ပိုးတွေ့လူနာနှင့် ပတ်သက်သည့် ဆေးမှတ်တမ်းများ တင်ပြခြင်း၊ ဓာတ်ခွဲခန်းအဖြေများရယူခြင်းတို့ကို ဖုန်းဖြင့်သာ ဆက်သွယ်နေရသဖြင့် ခက်ခဲ နှောင့်နှေးမှုများစွာ ရှိနေကြသည် ဟု ပြောကြပါ သည်။

အင်တာနက်ဖြတ်တောက်မှုနှင့်သတင်း စီးဆင်းမှု

ပဋိပက္ခပေါင်းစုံဖြစ်ပွားနေပြီး အချိန်နှင့်အမျှသတင်းမျိုးစုံဖြစ်ပေါ်နေသည့် ဒေသတွင် အင်တာနက်ဖြတ်တောက်ထားလိုက်ပြီးနောက် ဒေသခံသတင်းသမားများ၊ ဒေသအခြေစိုက်မီဒီယာများသာမက ကမ္ဘာ့တစ်ဝန်းလုံးမှ စောင့်ကြည့်နေသူအတွက်ပါ သတင်းစီးဆင်းမှု ပြတ်တောက်သွားခဲ့ရပါသည်။

"အင်တာနက်ပိတ်ထားတယ်ဆိုတာနဲ့ တချို့ အင်တာနက်ပိတ်ထားတဲ့ နေရာတွေက သတင်းတွေဟာ တစ်ရက်ကြာ/ နှစ်ရက်ကြာပြီးမှ ကျွန်တော်တို့ သိရတယ်။ ဘာဖြစ်လိုလဲဆိုတော့( Update) မဖြစ်တော့ဘူး။ ဆိုလိုတာက အင်တာနက် ပိတ်ထားတဲ့ နေရာဒေသသတင်း တွေဟာ ဘယ်လိုမှလက်လှမ်းမမှီ ဖြစ်သွားပါတယ်။'' ဟု ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် DMGမှ ဒု-တာဝန်ခံအယ်ဒီတာ နေဝင်းစံက ရှင်းပြပါသည်။
 
ထိုဒေသများရှိနယ်မြေခံ သတင်သမား များမှာ သတင်းများကို စစ်တွေမြို့ရှိသတင်းဌာနများနှင့် ရန်ကုန်ရှိ သတင်းဌာနများသို့ အီးမေးလ်ဖြင့်  လွယ်လင့်တကူပေးပို့၍ မရေတာ့ဘဲ ကားကြုံများမှ တစ်ဆင့်သာ ပေးပို့နေကြရပါသည်။

ထို့ကြောင့် သတင်းအချက်အလက် စီးဆင်းမှုများ နောက်ကျခဲ့ရပြီး သတင်းအယ်ဒီတာနှင့် နယ်မြေခံ သတင်းသမားများကြားတွင် သတင်းအပေါ် အပြန် အလှန်စိစစ်ရန်ခက်ခဲသွားတော့သည်။

ကလေးသူငယ်များအခွင့်အရေးဆုံးရှုံးနေမှု

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခမီချောင်းစာသင်ကျောင်းအတွင်းသို့၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ မြန်မာနိုင်ငံ ကလေးများနေ့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အင်တာနက်လိုင်းမရသဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မတင်ပြနိုင်ခဲ့ကြပေ။

"အင်တာနက်မရတော့ စာသင်ကျောင်းမှာကလေးတွေ လက်နက်ကြီးထိတာကို အချိန်နဲ့တပြေးညီ မသိခဲ့ရပါဘူး။ ဆေးကုသဖို့ ကျနော်တို့ သွားရောက်ယူဆောင်ချိန်မှာတော့ စစ်တပ်ထဲသို့ရောက်သွားပါပြီ။ ဒါဟာလည်း ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုပါပဲ'' ဟု ဘူးသီးတောင်မြို့ပေါ်မှ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက သူတို့မြို့က အဖြစ်အပျက်တစ်ခုအပေါ် ရှင်းပြပြောပါသည်။

ပဋိပက္ခဒေသများတွင် အင်တာနက်ဖြတ်တောက်ထားခြင်းက ကလးသူငယ်များ၏ အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ဆေးဝါးကုသခွင့်များကိုပါ ဆုံးရှုံးသွားစေနိုင်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊ အပိုဒ် ၃၅၁ မှာတော့ ''မိခင်များ၊ က လေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ဥပဒေအရသတ် မှတ်ထားသော သက်ဆိုင်ရာအခွင့် ရေးများကို အညီအမျှခံစားခွင့်ရှိစေရမည် ဟု ရေးသားဖော်ပြထားပါသည်။

အင်တာနက်နှင့်ပညာသင်ကြားခွင့်များ

မြန်မာ့နိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်များဖြစ်သည့် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်မှ အင်တာနက် ဖြတ်တောက်ပိတ်ထားလိုက်ခြင်းက ပညာသင်ကြားခွင့်ကိုလည်း ထိခိုက်စေသည်။

"တခြားဒေသတွေမှာ မူလတန်းကလေးတွေတောင် အွန်လိုင်းပေါ်ကနေ ကိုယ့်သိချင်တာ၊ သင်ချင်တာကို သင်ယူနေကြချိန်မှာ ညီမတို့ကတော့ ကိုယ့်ဒေသမှာ ဘာဖြစ်နေတယ် ဆိုတာကိုတောင် အချိန်နဲ့တပြေးညီ သိခွင့်မရကြပါဘူး" ဟု မြောက်ဦးဒေသခံ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုပါသည်။
 
"လူတိုင်းရသင့်တဲ့အခွင့်အရေးကို တန်းတူရချင်တာပေါ့။ ခုတော့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ခံစားရပါတယ်။ အစိုးရကို ဝေဖန်ပြောရင်လည်း ပုဒ်မတစ်ခုခုတပ်ပြီး အရေးယူခံရမှာလည်းစိုးရိမ်ပါတယ်" ဟု သူမက ဆက်ပြောပါသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားပါတီများ သဘောတူ လက်မှတ်ရေးထိုးကြကြသည့် ပြည်ထောင်စုသ ဘောတူစာချုပ် အစိတ်အပိုင်း(၁) လူမှု ရေးကဏ်ဏ္ဍ အပိုဒ် ၃ မွာ ''သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့်အခွင့်အရေးများကို လူမျိုး ရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုဘဝမြင့်တင်မှုကို ဆောင်ရွက်ရန် ဟု ရေး သားဖော်ပြထားပါသည်။

အင်တာနက်ဖြတ်တောက်မှုနှင့်ဒေသတွင်း စီးပွားရေးကျဆင်းမှု

ရခိုင်နှင့်ချင်းတွင် အင်တာနက် ဖြတ်တောက်လိုက်ခြင်းက ဒေသတွင်း ငွေကြေးစီးဆင်းမှုကိုပါ အခက်အခဲဖြစ်သွားစေရုံမက ဆင်းရဲတွင်းနက်နေသည့် ဒေသများကို ပိုမိုထိခိုက်စေသည်။

" မြန်မာ့တပ်မတော်စစ်ကားပေါ်က သေနတ်ပစ်ခဲ့လို့ ကျည်ထိမှန်ခဲ့ချိန်ကတည်းက KBZ ဘဏ်ကပိတ်ထားပါတယ်။ တစ်မြို့လုံးမှာ နောက်ထပ်ဘဏ်တစ်ခုပဲဖွင့်တော့ လူတွေက မနက်ကတည်းကညနေထိ တိုးဝှေ့နေကြရပါတယ်" ဟု မြောက်ဦးမြို့မှာ နေထိုင်သူတစ်ဦးဖြစ်သည့် ကိုဇင်လင်းအောင်က ဒေသတွင်းငွေကြေးစီဆင်းမှု အခက် အခဲများကို ရှင်းပြပါသည်။

ထိုသို့ ဘဏ်တစ်ခုတည်းဖွင့်သည့်အတွက် အချိန်အကန့်အသတ်နှင့် ဘဏ်ပိတ်ရက်များရှိနေသဖြင့် လူမှုရေး၊ ကျန်းမာရေး အပါအဝင် စီးပွားရေးလုပ်ငန်များအတွက်ပါ ယခုအချိန်ထိ အခ က်အခဲမှုနှင့်ကြုံတွေ့နေရသေးကြောင့်လည်း ဒေသခံများက ပြောပါသည်။

"ဘဏ်ကအဆင်မပြေလို့ Wave Money က သွားလွှဲတော့လည်း အင်တာနက်အဆင်မပြေတာရယ်၊  ငွေကြေးအကန့်အသတ်ကြောင့်ရယ်၊ အဆင်မပြေမှုတွေ အများကြီးကြုံရပါတယ်။ အင်တာနက်အဆင်မပြေတာမို့ Wave Money ငွေလွှဲထုတ်ရင်တောင် ထုတ်ခပိုက်ဆံပေးနေရပါတယ်" ဟု သူက ဆက်ပြောပါသည်။
 
 အစိုးရ ဌာနဆိုင်ရာများပါ ငွေသွင်းငွေလွှဲလုပ်လိုပါက တခြားအင်တာနက်အဆင်ပြေသည့်ဒေသများမှ မိသားစု အသိမိတ်ဆွေများကို ဖုန်းဆက်အကူအညီတောင်းခံကာ ဖြေရှင်းလုပ်ဆောင်နေကြရသည်။

အင်တာနက်ဖြတ်တောက်မှုနှင့်ရခိုင်ဒေသခရီးသွားလုပ်ငန်း

တောတောင်ရေမြေနှင့် သဘာဝသယံဇာတများ ၊ မြစ်ချောင်းအင်းအိုင်များနှင့် ရှေးဟောင်းဘုရားပုထိုးပေါ်များ သည့် ရခိုင်ဒေသတွင်း စစ်ပွဲနွင်အတူ အင်တာနက်ဖြတ်တောက်လိုက်မှုက ရခိုင်ဒေသခရီးသွားလုပ်ငန်ကို ရပ်ဆိုင်းသွားသလို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကဆြင်းမှုကိုပါ ဖြစ်သွားစေခဲ့သည် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။

"တချို့နိုင်ငံခြားသားတွေက တိုက်ပွဲဖြစ်နေတာတောင် သိပ်မကြောက်ကြပါဘူး။ လာကြပါသေးတယ်။ အင်တာနက် ဖြတ်လိုက်တော့ အကုန်လုံးအဆက် အသွယ်ပြတ်သွားပါတယ် ဟု မြောက်ဦးမြို့ပေါ်ရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးက ဆိုပါသည်။
 
"အရင်နှစ်တွေကဆိုရင် ဒီလဟာ နိုင်ငံခြားသားတွေအပါအဝင် ခရီးသွားအများဆုံးလာရောက်တဲ့လ ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင် တိုးဂိုက်လုပ်ပြီးလေး မြို့ချောင်းဖက်တွေထိ လိုက်ပို့ပေးနေကျပါ။ ခုက မိသားစု စားဝတ်နေရေးအတွက်တောင် မလွယ်ပါဘူး။ စစ်ဖြစ်နေရင်တောင် အင်တာနက်လိုင်း အပြည့်အဝရရင်တော့ လုပ်ငန်းတွေ နည်းနည်းပါးပါး လည်ပတ်လို့ရနေပါတယ်။ ခုကဘာမှလုပ်လို့မရပါဘူး" ဟု သူက ဆက်ပြောပါသည်။

မြန်မာအစိုးရကိုယ်တိုင်ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းနှင့် အကောင်အထည် ဖော်ရေးအစီအစဉ် (MSDP)၏ ၁.၅.၃ တွင်နိုင်ငံသားများအတွက် သတင်းအချက် အလက်များ သိရှိပိုင်ခွင့်ကို တိုးတက်ကောင်းမွန်စေရေးနှင့် ဥပဒေအရဖြစ်စေပြီး၊ အစိုးရ၏ ဘတ်ဂျက်၊ ဥပဒေများ၊  မူဝါဒများ၊ စာရင်းဇယားများနှင့်အခြားအရေး ကြီးသည့် သတင်းအချက် အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေရေးဆောင်ရွက်ရန် ဟု ပါရှိပါသည်။

အခွင့်အရေးတောင်းဆိုသူများဖမ်းဆီးတရားစွဲခံရမှုများ

ရခိုင်နှင့်ချင်းတွင် အင်တာနက်ဖြတ်တောက်ထားမှုအား ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကြောင့် အမှုဖွင့်အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးအထိ ရှိကြောင်း အသံအဖွဲ့က ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

"လူ့အခွင့်ရေးချိုးဖောက်ခံမှုတွေကို ဖုံးဖိကာကွယ်ပေးဖို့အတွက် လုပ်ပေး လိုက်သလိုဖြစ်နေပါတယ်" ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် အသံအဖွဲ့ဒါရိုက်တာ မောင်ဆောင်းခက အင်တာနက်ဖြတ်တောက်ထားခြင်းအပေါ် သူ့အမြင်ကိုပြောပါသည်။

ထိုအထဲတွင် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂ ဦး၊ တရားရင်ဆိုင်နေရသူ ၂၉ ဦးနှင့် ဝရမ်းပြေးကြေငြာခံထားရသူ ကိုးဦးအပြင် ခံဝန်လက်မှတ်ရေးထိုးထားသူ နှစ်ဦးရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြ ထားပါသည်။

"အင်တာနက်ပြန်ဖွင့်ပေးရေးဟာ ကျနော်တို့ စီးပွားရေး လူမှုရေးအတွက် သက်သက်သာမဟုတ်ဘူး။ အခြားသော ရပိုင်ခွင့် ချိုးဖောက်ခံရမှုတွေနဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေကိုပါ အကာကွယ်ပေးဖို့အတွက် အရေးပါတယ်"  ဟု သူကဆက်ပြောပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ တစ်နှစ်တာဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ၂၀၂၀ခုနှစ် ဇွန်လတွင် ပြု လုပ်ခဲ့ရာတွင် အမြဲတမ်းအတွင်းဝန်  ဦးစိုးသိန်းက ''အများပြည်သူအကျိုးစီး ပွားအတွက် အင်တာနက်ဖြတ်တောက် ထားရခြင်းဖြစ်ကြောင်း'' ပြောကြားခဲ့ပါသည်။

နိုင်ငံတကာသဘောတူစာချုပ်များ

ရခိုင်ရှိ မြို့နယ်ခုနစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် 2G အင်တာနက်လိုင်းသာရရှိခြင်းက မြန်မာအစိုးရက သဘောတူညီထားသော ကုလသမဂ္ဂအဖွဲ့ (UN)၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရေးပန်းတိုင် (SDGs)၏ ပစ်မှတ် ၁၆ ဒသမ ၁၀ နှင့် မြန်မာ နိုင်ငံ၏ ရေရှ ည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်းနှင့် အကောင် အထည် ဖော်ရေးအစီအစဉ် (MSDP) နှင့် ဆန့်ကျင်နေပါသည်။

"ရခိုင်နဲ့ ချင်းက ပြည်သူတွေအပါအဝ င် မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူအားလုံးဟာ အစိုးရက အကောင်အထည်ဖော်ပါ့မယ်လို့ ကတိကဝတ်ပြုထားတဲ့ အီလက်ထရောနစ်စနစ် အစိုးရ (e-government) ကို ရယူ အသုံးပြုနိုင်ဖို့ အတွက် 4G အင်တာနက်ချိတ်ဆက်မှုတွေ သုံးစွဲနိုင်ဖို့ လိုအပ်နေပါတယ်"  ဟု ဒီဇင်ဘာလ ၂၂ ရက် ထုတ်ပြန်သည့် Free Expression Myan-mar(FEM) ၏  အင်တာနက်ပေါ်တွင် လွတ်လပ်မှု- မြန်မာနိုင်ငံ ၂၀၂၀  အမည်ရှိ အစီရင် ခံစာတွင် ဖော်ပြထားပါသည်။
 
"ဒါ့အပြင် 2G အင်တာနက်က ဝက်ဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှအသုံးပြု ဖို့၊  ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်စာ မျက်နှာတွေသုံးဖို့၊  ရုပ်သံဖိုင်တွေကို နားထောင်ကြည့်ရှုဖို့ လုံလောက်တဲ့ ဒေတာနဲ့ မြန်နှုန်းမရှိပါဘူး။ ဒါဟာဒေသခံ ပြည်သူတွေရဲ့ သတင်းအချက်အလက်အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ထင်ထင်ရှားရှား ချိုးဖောက်နေတာ ဖြစ်ပါတယ်။''ဟုအစီရင်ခံစာတွင် ထောက်ပြရေးသားထားပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့်တာဝန်များ အပိုဒ် ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ပေးရမည် ဟု ဖော်ပြထားပါသည်။

NLD အစိုးရ၏သဘောထား

NLD အစိုးရအတွက် နိုင်ငံတကာဖိအားများနှင့်စောင့်ကြည့်မှုများနေသည့် ရခိုင် ဒေသတွင် အင်တာနက်လျော့ချဖြတ်တောက်ထားမှုကလည်း အစိုးရအား နောက်ထပ်ဖိအားတစ်ခုဖြစ်စေခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ "လက်နက်ကိုင်ပဋိပက္ခနောက်မှာ 4G ထက်ပိုအရေးကြီးတဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေက အစ အကုန်လုံးနစ်နာဆုံးရှုံးနေရတာပါ။''  ဟု တုံ့ပြန်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် ၂၀၁၉ ဇန်နဝါရီလမှ ၂၀၂၀ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ရခိုင်သတင်းအချက်အလက်စင်တာ၏ ဒေသအခြေ ပြုလူ့အခွင့်အရေးစောင့်ကြည့်မှတ်တမ်းစာရင်းအရ အရပ်သားပြည်သူ ၃၁၇ ဦးသေဆုံး၊၆၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၆၈၈ ဦးဖမ်းဆီးတရားစွဲဆိုခံနေရပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလကုန်အထိ တိုက်ပွဲများယာယီရပ်တန့်နေပါသည်။

"အင်တာနက် 4G ဖွင့်ပေးခြင်းအပါအဝင် ရခိုင်ပြည်သူတွေအတွက် ဘယ်လို လုပ်ဆောင်ချက်တွေကို ပိုမိုတိုးမြင့် လုပ်ဆောင်မှာလဲ ဆိုပြီးတော့ အုပ်ချုပ်ရေးအပိုင်းက အစိုးရကို ပြန်ပြီးတော့ တင်ပြမယ်ဆိုရင် အစိုးအနေကလည်း ဒီအပေါ်မှာ အလေးအနက် ထားပြီးတော့ လိုက်ပါလုပ်ဆောင်လာနိုင်ပါတယ်  ဟု သူက မှတ်ချက်ပြု ဆက်ပြော ပါသည်။

NLD အစိုးရဦးဆောင် အကောင်အထည်ဖော်နေသည့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံတွင် သဘောတူ လက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူစာချုပ်အပိုဒ် (၃) ၏ နောက်ဆက်တွဲ (က) (၂) တွင် ''ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲတန်းတူရည်တူအခွင့်အရေ း ရရှိစေရန်"  ဟု ဖော်ပြထားပါသည်။

နိုင်ငံတကာစံနှုန်းကျဆင်းမှု

မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်သည် ကမ္ဘာ့အဆင့် (၃၆) မှ (၃၁) သို့ ငါးဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာပေါ်ရှိ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း ဒီဇင်ဘာလ၂၂ ရက္က ထုတ်ပြန်သည့် Free Expression Myan-mar(FEM) ၏  အင်တာနက်ပေါ်တွင် လွတ်လပ်မှု- မြန်မာနိုင်ငံ ၂၀၂၀  အမည်ရှိ အစီရင် ခံစာတွင် ဖော်ပြထားပါသည်။

"ဖန်တီးရာရဲ့ ရှာဖွေတွေ့ရှိချက်အရ ကျွန်ုပ်တို့အားလုံး 4G အင်တာနက်ကို သုံးနေကြရချိန် ရခိုင်နဲ့ချင်းမှာ ရွိတဲ့ ပြည်သူတွေကတော့ အီးမေးလ် တစ်စောင်တောင် ပေးပို့လက်ခံလို့ မရနိုင်တဲ့ 2G အင်တာနက်ကိုသာ အသုံးပြုနေရပါတယ်။'' ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ရမှတ်အဆင့် ၁၀၀ အနက် အဆင့်၃၆ ရရှိခဲ့ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင်အဆင့် (၁၀၀) အနက် အဆင့် (၃၁) သို့ အဆင့်ငါးဆင့် ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

" မြန်မာအစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုနဲ့၊ လုံခြုံမှုမရှိဘဲ နှေးကွေးလှတဲ့ 2G အင်တာနက်အစီအစဉ်ကြောင့် ၂၀၂၀ မြန်မာပြည်ရဲ့ အင်တာနက် လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ငါး ဆင့်အထိ ခြေလှမ်းကျဲစွာကျဆင်းခဲ့ပြီးတော့ ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်မှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းမှာ မြန်မာဟာပါဝင်လာခဲ့ပါတယ်။'' ဟု အစီရင်ခံစာတွင်  ဆက်လ က်ဖော်ပြထားပါသည်။

ထိုအစီရင်ခံစာတွင် ရမှတ် ၀ မှ၃၉ အထိအား အင်တာနက်ပေါ်တွင် မလွတ်လပ်ပါ ဟု ခွဲခြား သတ်မှတ်ထားကြောင်းလည်း ဖော်ပြထားပါသည်။

ပြည်သူများသတင်းအချက်အလက်သိပိုင်ခွင့်

ကုလသမဂ္ဂအဖွဲ့ (UN)၏ စဉ်ဆက်မပြ တ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs) ၏ ပစ်မှတ် ၁၆ .၁၀ မှာ '' ပြည်တွင်းဥပဒေပြဌါန်းချက်၊ နိုင်ငံတ ကာသဘောတူညီချက်များနှင့်အညီ လူထုအားသတင်းအချက်အလက်များ လက်လှမ်းမီရရှိစေရန်နှင့်အခြေခံကျသော လွတ်လပ်မှုများကို ကာကွယ်ပေး ရန် ဖြစ်ပေါ်သေချာစေရမည်  ဟု ရေးသားဖော်ပြထားပါသည်။
 
ပဲန်အင်တာနေရှင်နယ်ဒါရိုက်တာအဖွဲ့ဝင် မသီတာ (စမ်းချောင်း)က  "သတင်းအချက်အလက်တွေရဲ့ပိုင်ရှင်ဟာ ကျွန်မတို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့လူရပိုင်ခွင့် ကြေညာစာတမ်း (UDHR)ရဲ့အပိုဒ် ၁၉ မှာလည်း သတင်းအချက်အလက်ရပိုင်ခွင့်အနေနဲ့ သတင်းအချက်အလက်တွေကို ရှာဖွေခွင့်၊ ရယူခွင့်နဲ့ဖြန့်ဖြူးခွင့်၊ ပြန်လည်ဖြန့်ချီခွင့်ရှိတယ်ဆိုတဲ့ကိစ္စကို အတိအလင်း ထည့်သွင်း ရေးသားထားတာဖြစ်ပါတယ်"  ဟု ပြောသည်။

မြောက်ဦးမြို့ စာအုပ်ဆိုင်လေးမှ မခိုင်မြတ်သူကလည်း နိုင်ငံအနှံအပြား ပြည်သူများရရှိသည့် အခွင့်အရေးသည် ရခိုင်ပြည်သူတို့လည်း ရသင့်သည်ဟု ယူဆသူဖြစ်ပါသည်။

"လူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တန်းတူရချင်တာပေါ့။ ဒါကြောင့် အင်တာနက် 4G အပြည့် ပြန်ဖွင့်ပေးစေချင်ပါတယ်။''  ဟု မခိုင်မြတ်သူက တည်ကြည်လေးနက်သည့် အသံဖြင့်ပြောဆိုပါသည်။

သူမ၏ ဆိုင်အပြင်ဖက်မှာက မြောက်ဦးမြို့ ပေါ်ရှိ ရှေးဟောင်းဘုရားပုထိုး တော်များကြားက ဝင်ရောက်နေသည့် နေမင်းဆည်းဆာကြောင့် ပတ်ဝန်းကျင်းတစ်ခုလုံး လှပတင့်တယ်ကာ သဘာဝပန်ချီကားတစ်ချပ်လို ဖြစ်နေပါတော့သည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly