ဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက် ကရာချိမြို့မှာ ပါကစ္စတန် ဟိန္ဒူတွေ ဆန္ဒပြ 

ဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက် ကရာချိမြို့မှာ ပါကစ္စတန် ဟိန္ဒူတွေ ဆန္ဒပြ 

ဇန်နဝါရီ ၁ 

ပါကစ္စတန်နိုင်ငံမှာ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း လူအုပ်စု တိုက်ခိုက်မှုတစ်ခုအတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီးနောက် ဒီဇင်ဘာ ၃၁ ရက်မှာ ဟိန္ဒူအများစု နေထိုင်တဲ့ ကရာချိမြို့မှာ လူရာပေါင်းများစွာတို့က တရားရုံးချုပ်အပြင်ဘက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ 

နိုင်ငံအနောက်မြောက်ပိုင်းက ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းကို ဆူပူသောင်းကျန်းတဲ့ လူအုပ်တစ်စုက တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်မှာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တစ်ချို့အပါအဝင် အနည်းဆုံး လူနှစ်ဒါဇင်လောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဟိန္ဒူတွေ ပိုင်ဆိုင်တဲ့ ကပ်လျက် အဆောက်အအုံတစ်ခုမှာ အသစ်ပြုပြင်ဆောက်လုပ်မှုတွေ လုပ်တဲ့အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခု နောက်ပိုင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ၁,၅၀၀ လောက်ဟာ ဘုရားကျောင်းကို ဗြုန်းစားကြီး စုပြုံရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကတော့ ၁၉၉၇ ခုနှစ်တုန်းကလည်း အလားတူအခြေအနေတွေအတိုင်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါသေးတယ်။ 

အဲဒီ ဘုရားကျောင်းကတော့ ပက်ရှာဝါမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) လောက်အကွာ ကာရက်ခ် ခရိုင်က ဝေးလံတဲ့ ကျေးရွာတစ်ခုမှာ တည်ရှိပါတယ်။ 

“ဝတ်ပြုဆုတောင်းရာ နေရာတစ်ခုကို ဖျက်ဆီးမှုနဲ့ အဓိကရုဏ်း ဖြစ်အောင် လူတွေကို လှုံ့ဆော်မှုအတွက် ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူ ၂၆ ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်” လို့ ဒေသ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ဖက်ဇယ် ရှားက အေအက်ဖ်ပီကို ပြောပါတယ်။ 

တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ ဗီဒီယိုတွေထဲကနေ ရွေးထုတ်ထားတဲ့ နောက်ထပ် လူ ၅၀ ကိုလည်း ရဲတွေက ရှာဖွေနေတယ်လို့ ၎င်းက ပြောပါတယ်။ 

ပါကစ္စတန်မှာတော့ ဘာသာရေး လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေက ဖြစ်နေကျ ဖြစ်ပြီး ယင်းနိုင်ငံမှာ လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းက မွတ်ဆလင်တွေဖြစ်ပြီး ဟိန္ဒူတွေကတော့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ 

ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ အိုင်အာဖန်နူလာ ခန်ကလည်း အတည်ပြုပါတယ်။ 

ဘုရားကျောင်းနဲ့ ကပ်လျက် အိမ်တစ်လုံးကို သိပ်မကြာခင်က ဟိန္ဒူလူစုတစ်စုက ဝယ်ယူခဲ့ပြီး အသစ်ပြုပြင်မှုတွေလုပ်နေခဲ့တာက ဒေသခံတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး မကျေမနပ်ဖြစ်စေခဲ့ကြောင်း ၎င်းက ပြောပါတယ်။ 

၁၉၄၇ ခုနှစ်က ဗြိတိသျှ အုပ်ချုပ်ခဲ့တဲ့ အိန္ဒိယကို နှစ်ခြမ်းခွဲပြီး ပါကစ္စတန် ဖြစ်ပေါ်ခဲ့ချိန် နောက်ပိုင်းကတည်းက ယင်းဧရိယာမှာ ဟိန္ဒူတွေ နေထိုင်တာမျိုး မရှိခဲ့ပေမယ့် ဟိန္ဒူ ဘာသာဝင်တွေဟာ ရံဖန်ရံခါဆိုသလို ဘုရားကျောင်းနဲ့ ၁၉၁၉ ခုနှစ်မှာ ကျေးရွာမှာ သေဆုံးခဲ့တယ်လို့ ဟိန္ဒူတွေ ယုံကြည်ကြတဲ့ ဟိန္ဒူသူတော်စင် ရှ်ရီ ပါရမ်ဟန်စ်ရဲ့ အုတ်ဂူသင်္ချိုင်းကို လာရောက်လေ့ ရှိပါတယ်။ 

“ဒီ လူတွေက ကျွန်တော်တို့ရဲ့ ဧရိယာကို မကောင်းတဲ့ နာမည်တစ်ခု ယူလာခဲ့ကြပြီး ပြည်နယ်ရဲ့ ပုံရိပ်ကို စွန်းထင်းစေခဲ့ပါတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ အေမီးန် ပက်ရှ်တင်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဆင်းန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး နိုင်ငံရဲ့ ဟိန္ဒူအများစု နေထိုင်ရာ ကရာချိမှာတော့ လူပေါင်း ၂၀၀ ကျော်လောက် ယမန်နေ့က တရားရုံးချုပ်ပြင်ပမှာ စုဝေးပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြပါတယ်။ 

“ခင်ဗျားတို့ဟာ အခြားသူတွေရဲ့ ဘာသာရေးကိုးကွယ်မှုကို လေးစားရပါမယ်၊ ကျွန်တော်တို့ဟာ ပါကစ္စတန်တွေဖြစ်ပါတယ်၊ ဘုရားသခင်အတွက် ဘယ်သူကမှ ကျွန်တော်တို့ကို သစ္စာရှိမှု အထောက်အထားလက်မှတ် ပေးစရာ မလိုပါဘူး” လို့ ဆင်းန် ပြည်နယ်လွှတ်တော်က ဟိန္ဒူကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မန်ဂလာ ရှားမားက ပြောပါတယ်။ 

တိုက်ခိုက်မှုဖြစ်ခဲ့ချိန်က ဒေသအာဏာပိုင်တွေဟာ လက်ပိုက်ကြည့်နေခဲ့ကြတယ်ဆိုပြီး ပါကစ္စတန် ဟိန္ဒူကောင်စီ ဥက္ကဋ္ဌ ဂိုပဲလ် ကာမူအေနီက စွပ်စွဲပါတယ်။ 

“တိုက်ခိုက်မှု ဗီဒီယိုထဲမှာ ဆိုရင် လူအုပ်က ဘုရားကျောင်းကို ဖြိုဖျက်နေချိန်မှာ အုပ်ချုပ်ရေးဘက်ကတော့ ငြိမ်ငြိမ်ဆိမ်ဆိမ်ပဲ ကြည့်နေခဲ့ပါတယ်၊ အဲဒါက ဘယ်လို တရားမျှတမှု အမျိုးအစား ဖြစ်ပါသလဲ” လို့ ကာမူအေနီက ပြောပါတယ်။ 

ယခုလအစောပိုင်းကလည်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းမှာ ပါကစ္စတန်ကို အမေရိကန်က ထည့်သွင်းခဲ့ပါသေးတယ်။ 

“ကာရက်ခ်က ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း ဖျက်ဆီးခံရမှုကတော့ ပါကစ္စတန်မှာ ရန်သူအဝိုင်းခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်း ကြုံတွေ့နေရတဲ့ နောက်ထပ် ခွဲခြားဆက်ဆံခံရမှု ဥပမာတစ်ခု ဖြစ်ပါတယ်” လို့ Amnesty International မှ ပါကစ္စတန်ဆိုင်ရာ စည်းရုံးလှုံ့ဆော်သူ ရင်မ်မဲလ် မိုဒင်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly