၂၀၂၀ ခုနှစ်အတွင်း ကိုကာ စိုက်ခင်းတွေ စံချိန်တင် ဖျက်ဆီးနိုင်ခဲ့ဟု ကိုလမ်ဘီယာ အစိုးရ ပြော 

၂၀၂၀ ခုနှစ်အတွင်း ကိုကာ စိုက်ခင်းတွေ စံချိန်တင် ဖျက်ဆီးနိုင်ခဲ့ဟု ကိုလမ်ဘီယာ အစိုးရ ပြော 
Photo - AFP

ဇန်နဝါရီ ၁ 

ကိုလမ်ဘီယာနိုင်ငံမှာ ကိုကင်းထုတ်လုပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ကိုကာပင်တွေကို ဖျက်ဆီးမှုပိုင်းမှာ နှစ်နှစ်ဆက်တိုက် စံချိန်တင်နိုင်ခဲ့တယ်လို့ အစိုးရက ဒီဇင်ဘာ ၃၀ ရက်မှာ အခိုင်အမာ ပြောခဲ့ပါတယ်။ 

“၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ဟာ ကိုကာပင်တွေကို ကာယအားသုံးပြီး ဖျက်ဆီးမှုပိုင်းမှာ စံချိန်တင် အမြင့်ဆုံး ကိန်းဂဏန်းတွေကို ရရှိအောင်မြင်ခဲ့ပါတယ်၊ ဟက်တာပေါင်း ၁၃၀,၀၀၀ ကို ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ကိုလမ်ဘီယာ သမ္မတ အိုင်ဗန် ဒူကွေးက မီဒီယာကို ပြောသွားခဲ့ပါတယ်။ 

အဆိုပါ ကိန်းဂဏန်းကတော့ လော့စ် အိန်ဂျလိစ် လိုမျိုး မြို့ကြီးတစ်မြို့ရဲ့ ဧရိယာနဲ့ ညီမျှပါတယ်။ ဒါ့အပြင် အဆိုပါ ဖျက်ဆီးနိုင်ခဲ့တဲ့ ပမာဏဟာ ၂၀၁၉ ခုနှစ်က ဖျက်ဆီးနိုင်ခဲ့တဲ့ ကိုကာပင် ဟက်တာပေါင်း ၉၄,၀၀၀ ကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ခုလိုမျိုး မူးယစ်ဆေးဝါး အပင်တွေကို နှစ်နှစ်ဆက်တိုက် စံချိန်တင် ဖျက်ဆီးနိုင်ခဲ့ပေမယ့်လည်း ကိုလမ်ဘီယာဟာ ကိုကင်း အများဆုံး ထုတ်လုပ်သူနိုင်ငံအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်တုန်းက ကိုလမ်ဘီယာမှာ ကိုကာပင် ဟက်တာပေါင်း ၁၅၄,၀၀၀ စိုက်ပျိုးခဲ့ပြီး ကိုကင်း ၁,၁၃၇ တန် ထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

၂၀၂၀ အတွင်း ကုလသမဂ္ဂ ထောက်လှမ်းထားခဲ့တဲ့ ယင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးအပင် စိုက်ပျိုးမှု ကိန်းဂဏန်းတွေကိုတော့ မသိရသေးပါဘူး။   

ကိုလမ်ဘီယာ သမ္မတကတော့ ၂၀၂၀ ခုနှစ်အတွင်း ကိုကင်း ဖမ်းဆီးရမိမှုပိုင်းမှာ ၄၉၈ တန်အထိ သမိုင်းဝင် မြင့်တက်ထားခဲ့ပြီး ကိုကင်း ဓာတ်ခွဲခန်းတွေကိုလည်း စံချိန်တင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ် သြဂုတ်လမှာ အာဏာစရပြီးနောက်ပိုင်း ကွန်ဆာတေးဗစ်သမ္မတ ဒူကွေး ဦးဆောင်တဲ့ အစိုးရဟာ မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးမှုအပေါ် တိုက်ဖျက်မှုကို ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်ထားခဲ့သလို မူးယစ် နှိမ်နင်းရေး အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ထားခဲ့ပါတယ်။ ဒူကွေးအစိုးရရဲ့ အဆိုပါ မူးယစ်ဆေးဝါး နှိမ်နင်းရေးအစီအစဉ်အရ လာမယ့် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ကိုကာ စိုက်ပျိုးမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ စီစဉ်ထားပါတယ်။ 

လက်ရှိအချိန်အထိတော့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရောက်ရှိထားပြီဖြစ်ကြောင်း သမ္မတ ဒူကွေးက ပြောထားခဲ့ပေမယ့် ယင်းနိုင်ငံမှာ ကိုကာစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်းမျှသာ လျှော့ချထားနိုင်ခဲ့သေးတယ်လို့ ကုလ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required