AA  ထုတ် COVID-19 ကုသဆေး FAVIPAC သောက်ဆေးကို FDA ခွင့်ပြုချက်ရရှိဟုဆို

AA  ထုတ် COVID-19 ကုသဆေး FAVIPAC သောက်ဆေးကို FDA ခွင့်ပြုချက်ရရှိဟုဆို
Photo Credit - Saw Nay Nwe

ဒီဇင်ဘာ ၃၁၊ ၂၀၂၀  

ကိုဗစ်-၁၉ ကုသဆေး FAVIPAC (Favipiravir 200mg) အမည်ရှိ သောက်ဆေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အောက်တိုဘာလဆန်းတွင် ဆေးဝါး မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း AA Medical Products Ltd က ဒီဇင်ဘာ ၃၁ ရက်နေက ထုတ်ပြန်ကြေညာသည်။

ထိုသောက်ဆေးအား ကိုဗစ်-၁၉ ရောဂါလက္ခဏာ အနည်းငယ် စပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နာလန်ထူလာနိုင်ခြင်း၊ အလွန် ဆိုးရွားသော ရောဂါအဆင့်သို့ ရောက်ရှိခြင်းမှ လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း ထိပ်တန်းဆေးကုမ္ပဏီတစ်ခုဖြစ်သော AA Medical Products ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo Credit - Saw Nay Nwe 

Favipiravir 200 mg သောက်ဆေးကို ကိုဗစ်-၁၉ ကူးစက်ခံနေရသော လူနာများအတွက် အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd (PMI) မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ်လုပ်ခွင့်ရခြင်းဖြစ်သည်ဟု AA က ပြောသည်။

ထိုဆေးကို ဂျပန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဥရောပနိုင်ငံများနှင့် တောင်မေရိကနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name - Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား သုတေသနနှင့် ရေးဆွဲရေး သိပ္ပံပညာရှင်များ၊ ခွဲခြမ်းစိတ်ဖြာခြင်းနည်းလမ်း ဖွံ့ဖြိုးရေးသိပ္ပံပညာရှင်များ နှင့် မြန်မာ ဆေးဝါးပညာရှင်များ ပူးပေါင်းကာ PMI စက်ရုံ၏ R & D Center တွင် ပြည်ပမှ တင်သွင်းလားသော ကုန်ကြမ်းများ အသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
 
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်လူနာများ ကုသရန်အတွက် ကျပ် ၅၈၅ သိန်းတန်ဖိုးရှိ ထိုသောက်ဆေးကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ကုသဆေးရုံ ၂၅ ရုံသို့ ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း၊ တပ်မတော်၏ ကိုဗစ်-၁၉ ကုသရေးဆေးရုံများသို့ ဆေးပြား ၁၅၀၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly