ရုပ်ရှင် Rating System ပြောင်းလဲရေး တောင်းဆိုလက်မှတ်ထိုးရာတွင် နာမည်ကြီး အနုပညာရှင် အများစုပါဝင်  

ရုပ်ရှင် Rating System ပြောင်းလဲရေး တောင်းဆိုလက်မှတ်ထိုးရာတွင် နာမည်ကြီး အနုပညာရှင် အများစုပါဝင်  

ရန်ကုန်၊ ဒီဇင်ဘာလ ၃၁ 

ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသနိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသော ဆင်ဆာစနစ်အစား ရုပ်ရှင်အဆင့် သတ်မှတ်ချက်စနစ် (Rating System)သို့ အမြန်ဆုံး ပြောင်းလဲကျင့်သုံးရန် တောင်းဆိုလက်မှတ်ရေးထိုးရာတွင် နာမည်ကြီး အနုပညာရှင်အများစု ပါဝင်ကြောင်းသိရသည်။ 

အဆိုပါစနစ်ပြောင်းလဲရေး ထောက်ခံသည့်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်ဒေသများက ရုပ်ရှင်၊ ဂီတ၊ စာပေနယ်ပယ်မှ အနုပညာရှင်များက လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဒါရိုက်တာရီဇော် ကပြောသည်။ 

လက်မှတ်ရေးထိုးခြင်းလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ဝိုင်း၊ သားညီ၊ ဏကြီး၊ စာရေးဆရာ ချစ်ဦးညို၊ ဂျူး၊ သရုပ်ဆောင် ကျော်သူ၊ ရန်အောင်၊ လူမင်း၊ လွင်မိုး၊ ပြေတီဦး၊ နေတိုး၊ မင်းမော်ကွန်း၊ ရဲတိုက်၊ အိနြာကျော်ဇင်၊ ဖွေးဖွေး၊ ချစ်သုဝေ စသည့် အနုပညာရှင်များ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ 

ထောက်ခံလက်မှတ်ရေးထိုးခဲ့သည့် သရုပ်ဆောင် အကယ်ဒမီရန်အောင်က ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာရန် ရုပ်ရှင်တစ်ခု၏ လိုအပ်သည့် ရုပ်ရှင်ပြကွက်များကို ပြသနိုင်ရေးအတွက် ယခုကဲ့သို့ပါဝင်ရခြင်း ဖြစ်ကြောင်း ပြောသည်။ 

“ဇာတ်လမ်းအားလုံးက အကျိုးရှိလို့ အကြောင်းဖြစ်လာတာ နောက်ဆုံးကျ လိမ္မာလာတာတို့ ဖမ်းမိသွားတာတို့ ပြန်ပေါင်းသွားတာ ဒါတွေနဲ့ အဆုံးသတ်ကြတယ်။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့အတွက် ကြားထဲမှာ ဇာတ်ရဲ့ တန်ပိုအရက ပါးရိုက်ချင် ရိုက်မယ်။ လက်သီးထိုးချင်ထိုးမယ်။ ဓားနဲ့ထိုးချင်ထိုးမယ်။ အဲ့တော့ သူတို့က ဘာလဲဆိုတော့ ပါးရိုက်လို့ မရဘူးတို့ သွေးထွက်သံယိုမရဘူးတို့ အဲ့လိုဇာတ်သဘောတရားအရ ရိုက်တာတွေကို ဆင်ဆာက တအားပိတ်တယ်။ မလိုအပ်ဘဲနဲ့လည်း ပိတ်တယ်။”ဟု သရုပ်ဆောင် အကယ်ဒမီ ရန်အောင်က ဆိုသည်။ 

ထို့အပြင် ဂီတနယ်ပယ်မှ တေးရေး မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ အဆိုတော် ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ အာဇာနည်၊ ဟန်ထူးလွင်၊ ဝေလနှင့်  ဒါရိုက်တာများ၊ ဇာတ်ပို့၊ ဇာတ်ရုံများ စာရေးဆရာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ရုပ်ရှင်ရုံလုပ်ငန်းပိုင်ရှင်များ၊ အနုပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများက ထောက်ခံရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ 

လက်ရှိတွင် အစိုးရရုံးပိတ်ရက်များရှိနေသောကြောင့် လက်မှတ်ရေးထိုးခဲ့ကြသည့် အနုပညာရှင်စာရင်းအတိအကျကို မသိရှိရသေးသော်လည်း စာရင်းပြုစုပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ထံသို့ အမြန်ဆုံးတင်ပြသွားမည်ဟု ဒါရိုက်တာရီဇော်က ပြောသည်။ 

 “ဆင်ဆာအဖွဲ့က ပိတ်ပင်ထားတာတွေက အများကြီးပါ။ လွတ်လပ်ခွင့်ပြုပေးတယ်ဆိုတာက အကန့်အသတ်ဘဲ ရှိတာပါ။ ဆင်ဆာစနစ်ပျောက်ကွယ်ပြီး လွတ်လပ်စွာဖန်တီးနိုင်ရင် အရင်တုန်းက မတွေ့ခဲ့မမြင်နိုင်ခဲ့တဲ့ အကြောင်းအရာလေးတွေ ဥပမာ ၁၉၈၈ခုနှစ်က ကလေးမလေးအကြောင်း၊ လူငယ်လေးအကြောင်းဆိုတာမျိုးတွေ ရိုက်ခွင့်မရခဲ့ဘူး”ဟု ၎င်းကပြောသည်။ 

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ရုပ်ရှင်အဆင့်သတ်မှတ်ချက်စနစ် (Rating System) မူကြမ်းကို မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်းက တင်ပြထားပြီး ဖြစ်ကာ အဆိုပါမူကြမ်းတွင် ရုပ်ရှင်အဆင့်သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းပုံ၊ ရုပ်ရှင်အဆင့်သတ်မှတ်ခြင်း၊ ငြင်းပယ်ခြင်းစသည့် အကြောင်းအရာ များကို ထည့်သွင်းရေးဆွဲထားသည်။ 

ရုပ်ရှင်အဆင့်သတ်မှတ်ရေးအဖွဲ့ စတင်ဖွဲ့စည်းမည်ဆိုပါက ယခင်ဆင်ဆာဘုတ်အဖွဲ့ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူများ မပါဝင်တော့ဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ခန့်အပ်သည့် အစိုးရဝန်ထမ်း မဟုတ်သော ကိုယ်စားလှယ်နှစ်ဦးနှင့် အနုပညာဆက်စပ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူများနှင့်သာ ဖွဲ့စည်းသွားရေး မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required