နိုင်ငံတကာ လေကြောင်း လိုင်းများပျံသန်းပြေးဆွဲမှု ပိတ်ထားခြင်းကို ဇန်နဝါရီလကုန်အထိ ထပ်တိုး 

နိုင်ငံတကာ လေကြောင်း လိုင်းများပျံသန်းပြေးဆွဲမှု ပိတ်ထားခြင်းကို ဇန်နဝါရီလကုန်အထိ ထပ်တိုး 
Photo - AFP

ဒီဇင်ဘာ ၃၁ရက်  

ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သော ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအသစ်အား အာရှနိုင်ငံအချို့တွင် စတင်ကူးစက်နေကြောင်း တွေ့ရှိရသဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုအား ကန့်သတ်ခြင်း ဆိုင်ရာညွှန်ကြားချက်ကို ဇန်နဝါရီ ၃၁ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

ပိတ်ထားသော နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခြင်းကို ဇန်နဝါရီ ၁ရက်နေ့တွင် ပြန်လည်ဖွင့်ပေး နိုင်ရေးအတွက် အစိုးရက ဒီဇင်ဘာလအတွင်းတွင် ဆောင်ရွက်ခဲ့သော်လည်း  ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ပိုးမှာ အာရှနိုင်ငံအချို့တွင် ပျံ့နှံ့ လာသဖြင့် ယခုကဲ့သို့ သက်တမ်းတိုးခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရှိ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း အချို့မှ တာဝန်ရှိသူအချို့က ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် လက်ရှိကူးစက်နေသည့်နှုန်းထက် ၇၀ ရာခိုင်နှုန်းခန့်ပိုများလာနိုင်ကြောင်း ကျန်းမာရေးသုတေသီများက ပြောကြားထားပြီး အဆိုပါ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်အား အာရှနိုင်ငံများ ဖြစ်သည့်  အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ သြစတြေးလျနိုင်ငံတို့တွင်လည်း တွေ့ရှိနေရကြောင်း သိရသည်။  

Photo - AFP

ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းပြေးဆွဲမှုများအား မတ်လ (၃၀) ရက်နေ့ကစတင် ရပ်နားထားခြင်းဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းပြေးဆွဲမှုများ ရပ်နားထားရသည်မှာ ကိုးလခန့်ရှိပြီဖြစ်သည်။  

ထို့ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေပေါ်မူတည်ကာ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။  

ပြည်တွင်းလေကြောင်းလိုင်းများကိုမူ ပြည်တွင်းလေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၁၆ရက်နေ့မှစကာ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး လေကြောင်းခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မရှိကြောင်း ထောက်ခံစာပါမှသာ စီးနင်းခွင့်ပြုကြောင်းသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required