လာမည့်ဆောင်း၌ ကပ်ဘေးကို အမေရိကန် ထိန်းချုပ်နိုင်မည်ဟု ကူးစက်ရောဂါပညာရှင် ပြော 

လာမည့်ဆောင်း၌ ကပ်ဘေးကို အမေရိကန် ထိန်းချုပ်နိုင်မည်ဟု ကူးစက်ရောဂါပညာရှင် ပြော 

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀

ကာကွယ်ဆေး ထုတ်လုပ်မှု၌ အစောပိုင်းက ဆုတ်ဆိုင်းမှုများ ရှိလင့်ကစား အမေရိကန်နိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းများဖြင့် ကိုဗစ်-၁၉ အား ခုခံနိုင်စွမ်းကို လာမည့် ၂၀၂၁ ဆောင်းရာသီတွင် လုံလောက်စွာ ရရှိပြီး ပုံမှန်အနေအထား နီးပါးသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ဦးဆောင် အမေရိကန် ကူးစက်ရောဂါပညာရှင် ဒေါက်တာ အန်တိုနီဖောက်ချီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ကပ်ဘေးအရေး ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွမ်းနှင့် အွန်လိုင်းဆွေးနွေးမှုတွင် ဒေါက်တာဖောက်ချီက ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်ပြီး အစတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်က ၎င်း၏ ပြည်နယ်တွင် ဗြိတိန်တွင် ဦးဆုံးတွေ့သည့် ကူးစက်မြန် ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိကြောင်း ထုတ်ဖော်ကြေညာသည်။ အမေရိကန်တွင် ထို ဗီဇကွဲဗိုင်းရပ်စ်ကို ကော်လိုရာဒိုပြည်နယ်၌ ဦးစွာ တွေ့ရှိပြီး နောက်တစ်ရက်မှာပင် ကယ်လီဖိုးနီးယား၌ တွေ့ရှိခြင်း ဖြစ်သည်။ 

တောင်ပိုင်း ကယ်လီဖိုးနီးယားက လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ဗီဇကွဲ B.1.1.7 အား တွေ့ရှိကြောင်း အတည်ပြုနိုင်သည်ဟု ဂါဗင်က ဆိုသော်လည်း နောက်ထပ်အသေးစိတ်တော့ ပြောဆိုခြင်း မရှိပေ။ 

ဖောက်ချီက ပြန်လည်ဆိုရာတွင် သူ့အနေဖြင့် မအံ့ဩကြောင်း၊ ထို ဗီဇကွဲ ဗိုင်းရပ်စ်ကို နိုင်ငံတစ်လွှား နောက်ထပ်ဖြစ်ပွားမှုများ တွေ့ရဦးမည်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်မျိုး၏ သန္ဓေဗီဇပြောင်းခြင်းသည် ပုံမှန်ပဲဖြစ်သည်ဟု ဆိုသည်။ 

“ဒီ ဗိုင်းရပ်စ်ဟာ သန္ဓေပြောင်းလဲနေဦးမှာပဲ။ မူကွဲတွေ ပွားများနေဦးမှာပဲ။”ဟု ဖောက်ချီက ပြောပြီး သန္ဓေပြောင်းလဲမှု အများစုမှာလည်း တစ်ခုနှင့် တစ်ခု ဆက်စပ်မှု မရှိကြောင်း ပြောသည်။ သို့သော် ၎င်းက ထပ်လောင်းပြီး “ပုံမှန်သန္ဓေပြောင်းလဲမှုဟာ ဗိုင်းရပ်စ်က လူတစ်ဦးကနေ တစ်ဦးဆီ ပိုပြီး ကူးစက်နိုင်အောင် ပြုလုပ်နေပုံရတာပဲ။”ဟု ဆိုသည်။ 

သို့ရာတွင် SAR-CoV-2 အစောပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖူးသူသည် ယခု ဗီဇကွဲပိုး ကူးစက်ခံရနိုင်ပုံတော့ မရှိကြောင်း ဖောက်ချီက ပြောသည်။ ဆိုလိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်အား ကူးစက်ခံရပြီး ခုခံစွမ်းအား ရှိသွားပြီးဖြစ်၍ ဗီဇကွဲဗိုင်းရပ်စ် နောက်ထပ်ကူးစက်မှုကို တားဆီးနိုင်ခြင်းဖြစ်သည်။ 

ဗြိတိန်တွင် စတင်တွေ့သည် အဆိုပါ ဗီဇကွဲဗိုင်းရပ်စ်သည် ရောဂါလက္ခဏာ၌ ပို၍ ပြင်းထန်ပုံ ရှိသော်လည်း လက်ရှိ ထုတ်လုပ်ဖြန့်ဖြူးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အာနိသင်ကို ရှောင်ရှားနိုင်သည့် စွမ်းရည်တော့ မရှိကြောင်း ဒေါက်တာဖောက်ချီက အလေးအနက်ထား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required