အိုင်ယာလန်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေ တင်းကျပ် 

အိုင်ယာလန်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေ တင်းကျပ် 
Photo - AFP

ဒီဇင်ဘာ ၃၁ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေလို့ ပိတ်ပင်ကန့်သတ်ချက်တွေကို အနည်းဆုံး တစ်လ တင်းကျပ်ကြောင်း အိုင်ယာလန်နိုင်ငံက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။ 

ကူးစက်မှုနှုန်းတွေဟာဆိုရင် ဆတိုးနှုန်းနဲ့ တိုးပွားလာနေခဲ့တယ်လို့ ဝန်ကြီးချုပ် မိုက်ကယ် မာတင်က သတိပေးသွားခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ အနည်းဆုံး တစ်လအထိ အဆင့် ၅ ပိတ်ပင်ကန့်သတ်ချက်တွေဆီ လုံးလုံးလျားလျား ပြန်သွားရပါလိမ့်မယ်”  လို့ မာတင်က ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် လက်ရှိအခြေအနေဟာ “အလွန့်အလွန် စိုးရိမ်ရတယ်” လို့လည်း ၎င်းက ပြောပါတယ်။ 

အစီအမံသစ်တွေထဲမှာတော့ မရှိမဖြစ် မလိုအပ်တဲ့ လက်လီလုပ်ငန်းတွေနဲ့ အားကစားရုံတွေကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းကစလို့ ပိတ်ထားရမယ့် အစီအစဉ်လည်း ပါဝင်ကြောင်း မာတင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က အတည်ပြု ကူးစက်လူနာ တွေ့ရှိမှုပိုင်းမှာ ၆၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တဲ့အတွက် ခုလို ကန့်သတ်ချက်တွေကို မဖြစ်မနေ လုပ်ဖို့ လိုလာခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ 

“ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်ဖို့လိုအပ်တဲ့ အရာတိုင်းကို လုပ်သွားမှာဖြစ်ပါတယ်”လို့ ၎င်းက ပြောသွားခဲ့ပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း အလုပ်ကိစ္စ၊ ပညာရေးကိစ္စ နဲ့အခြား မဖြစ်မနေ သွားဖို့လိုတဲ့ ကိစ္စတွေအတွက် သွားလာတာက လွဲပြီး တတ်နိုင်သမျှ နေအိမ်တွေမှာပဲ နေထိုင်သင့်တယ်လို့ မာတင်က ပြောသွားခဲ့ပါတယ်။ 

ဒီဇင်ဘာ ၃၀ ရက် ညနေခင်းကစလို့ နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲတွေအပါအဝင် လူစုဝေးမှုတွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ မင်္ဂလာပွဲတွေနဲ့ နာရေးပွဲတွေကိုတော့ ဆက်လုပ်နိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဗြိတိန်ကနေ လာမယ့် ခရီးသွားတွေအပေါ် ပိတ်ပင်ချက်ကို ဇန်နဝါရီ ၆ ရက်အထိ သက်တမ်းတိုးမယ်လို့လည်း ဝန်ကြီးချုပ် မာတင်က ပြောသွားခဲ့ပါတယ်။ 

လူ ငါးသန်းနီးပါး နေထိုင်တဲ့ အိုင်ယာလန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကူးစက်ခံရသူ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၂၂၆ ဦး ရှိတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly