လေဆိပ်ဆီ ယီမင်ညွန့်ပေါင်းအစိုးရ လေယာဉ် ဆိုက်ရောက်ချိန် ပေါက်ကွဲမှုတွေ ဖြစ် 

လေဆိပ်ဆီ ယီမင်ညွန့်ပေါင်းအစိုးရ လေယာဉ် ဆိုက်ရောက်ချိန် ပေါက်ကွဲမှုတွေ ဖြစ် 
Photo - AFP

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀

ယီမင်နိုင်ငံမှာ ညွန့်ပေါင်းအစိုးရသစ် လိုက်ပါလာတဲ့ လေယာဉ်တစ်စင်း အက်ဒန်လေဆိပ်ဆီ ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာပြီး အချိန်ပိုင်းမှာပဲ ပေါက်ကွဲမှုတွေ ဖြစ်ပွားပါတယ်။ 

ဒါဟာ အီရန်ကျောထောက်နောက်ခံတဲ့ ဟူသီသူပုန်တွေရဲ့ သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲပြောဆိုပါတယ်။ 

“လေယာဉ်ပေါက်ကနေ အစိုးရအဖွဲ့ဝင်တွေ ဆင်းသက်ကြချိန်မှာပဲ ပေါက်ကွဲမှု အနည်းဆုံး နှစ်ကြိမ် ကြားလိုက်ရတယ်။”လို့ အခင်းဖြစ်ရာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီ သတင်းထောက်က ဆိုပါတယ်။ 

အစိုးရဝန်ကြီးတွေ အားလုံး ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် သေဆုံးထိခိုက်မှုသတင်း တိတိပပ မသိရသေးပါ။ 

တောင်ပိုင်းမြို့ဖြစ်တဲ့ အက်ဒန်မြို့ လေဆိပ်ကနေ မီးခိုးလုံးတွေ လွင့်တက်နေပြီး ပတ်ဝန်းကျင်ဧရိယာမှာလည်း အပျက်အစီးတွေ ပြန်ကျဲနေပါတယ်။ လူတွေက ဒဏ်ရာရသူတွေဆီ အကူအညီပေးဖို့ ပြေးလွှားသွားကြတာကိုလည်း ဆော်ဒီရုပ်သံချန်နယ်ဖြစ်တဲ့ Al-Hadath သတင်းဌာနက ပြသပါတယ်။ 

အစိုးရသစ်ကို ကြိုဆိုဖို့ လေဆိပ်ဥပစာမှာ စုရုံးစောင့်ဆိုင်းနေတဲ့ လူအုပ်လည်း ကြောက်လန့်တကြား ထွက်ပြေးကြပြီး ခဏချင်းမှာပဲ ပြတ်တောင်းပြတ်တောင်း သေနတ်ပစ်ခတ်သံတွေကို ကြားရပါတယ်။ 

ယီမင်က နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဏာခွဲဝေယူတဲ့ ကက်ဘိနက်အစိုးရအဖွဲ့ကို ဒီဇင်ဘာ ၁၈ ရက်မှာ ဖွဲ့စည်းနိုင်ခဲ့တာပါ။ မြို့တော် ဆာနားနဲ့ မြောက်ပိုင်းနယ်မြေအများစုကို သိမ်းပိုက်ထားတဲ့ ဟူသီသူပုန်တွေကို အင်အားကောင်းစွာ ရင်ဆိုင်ဖို့အတွက်လည်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

အစိုးရအဖွဲ့ဝင် အားလုံး ဘေးအန္တရာယ်ကင်းတယ်လို့ ပြန်ကြားရေးဝန်ကြီး အယ်လ်-အာယန်နီက ပြောပါတယ်။ 

“တန်ဖိုးထားရတဲ့ အစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ်တွေ ဘေးကင်းပါတယ်ဆိုတာ ကျွန်တော်တို့ အာမခံပါတယ်။ အခု တိုက်ခိုက်မှုဟာ အီရန်ထောက်ပံ့တဲ့ ဟူသီသူပုန်တွေရဲ့ သူရဲဘောနည်းတဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ မျိုးချစ်စိတ် အရင်းခံတဲ့ တာဝန်ဆောင်ရွက်မှုကိုတော့ ဟန့်တားနိုင်ကြလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော် အခိုင်အမာ ပြောလိုပါတယ်။”ဆိုပြီး သူက ဆိုပါတယ်။ 

အခု ကက်ဘိနက်အဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံဆီ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေတဲ့ သမ္မတ မန်ဆောဟာဒီ ရှေ့မှောက်မှာ ကျမ်းသစ္စာဆိုပြီး ရက်အတော်ကြာမှာ ခုလို အက်ဒန်မြို့ဆီ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၁၄ မှာ ဆာနားမြို့တော် ဟူသီသူပုန်တွေလက်အောက် ရောက်ရှိသွားပြီးနောက်မှာ သမ္မတ ဟာဒီဟာ ဟူသီသူပုန်တွေကို တိုက်ခိုက်ရာမှာ စစ်ညွန့်ပေါင်းအဖွဲ့မှာ ဦးဆောင်နေတဲ့ ဆော်ဒီနိုင်ငံဆီ ထွက်ပြေးခိုလှုံခဲ့တာပဲ ဖြစ်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly