တနင်္သာရီတိုင်းတွင် အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု ၁၅၉ မှု ရှိ  

တနင်္သာရီတိုင်းတွင် အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု ၁၅၉ မှု ရှိ  

ဒီဇင်ဘာ ၃၀၊ ၂၀၂၀  

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်အတွင်း အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့်အမှု စုစုပေါင်း ၁၅၉ မှုရှိကြောင်း သိရသည်။  

ထို ၁၅၉ မှုထဲတွင် အများဆုံးမှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်အတွင်း တနင်္သာရီတိုင်းရှိ အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု အခြေအနေနှင့် အမျိုးသမီးအခွင့်အရေးများ လက်လှမ်းမီနိုင်မှု အခြေအနေများအား သုံးသပ်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။  

အမျိုးသမီးများအတွက် အိမ်တွင်းအကြမ်းဖက်ခံရသည့် ကိစ္စများအပြင် အခြားသော အကြမ်းဖက်ခံရသည့် ဖြစ်စဉ်များမှ အကာကွယ်ပေးနိုင်သည့် သီးသန့်ဥပဒေတစ်ရပ် ရှိစေချင်ကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မမာလာက ဆိုသည်။  

“လက်ရှိမှာ အသုံးပြုနေတဲ့ ဥပဒေက ရိုက်နှက်တာဆိုရင် နာကျင်စေမှုနဲ့ပဲ စွဲတယ်။ အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် လုပ်တယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေ နာကျင်လို့ရှိရင် ပြန်ပြောတယ်၊ ပြန်ပြောတဲ့အခါ ပြန်ရိုက်တယ်ဆိုရင် အမျိုးသမီးက ဘယ်ဘက်မှာမှ အကာအကွယ် မရှိဘူး။ အဲ့ဒါကြောင့် ဖြစ်နိုင်လို့ရှိရင် ကျွန်မတို့ အမျိုးသမီးတွေအတွက် အကြမ်းဖက်နှိမ်းနင်းရေး အကြမ်းဖက်မှု သီးသန့်ဥပဒေတစ်ရပ် ရှိစေချင်တယ်” ဟု မမာလာက ပြောသည်။  

တနင်္သာရီတိုင်းတွင် အမျိုးသမီးများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကထက် ၁၀ မှု ပိုများလာကာ အိမ်တွင်းအကြမ်းဖက်ခံရမှုများတွင် အများဆုံးခံရသည်မှာ ရိုက်နှက်ခြင်းဖြစ်ပြီး တရားရုံးသို့ သွားရောက်ဖြေရှင်းသည့် ကိစ္စမျိုးမရှိဘဲ အများစုသည် လင်မယားချင်း ပြန်ပေါင်းသွားကြကြောင်း သိရသည်။  

“အမျိုးသမီးတွေပေါ်မှာ အကြမ်းဖက်မှုတွေက ဘာကြောင့် လျော့နည်းမသွားတာလဲဆိုရင် အားနည်းချက်တွေရှိတယ်။ ပထမဆုံးက ပတ်ဝန်းကျင်လူထုက အကျူးလွန်ခံရတဲ့သူတွေကို အပြစ်ပုံချတာတွေ ရှိတယ်။ ဥပမာ - သက်ငယ်မုဒိန်းမှုကတော့ ဒါကတော့ ထင်ရှားတယ်။ သိပ်ပြောစမရာ မရှိဘူး။ ပြစ်မှုပြစ်ဒဏ်လည်း ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုတို့ ကွာရှင်းတဲ့ကိစ္စတွေ၊ တစ်လင်တစ်မယား ကိစ္စတွေမှာ ပတ်ဝန်းကျင်က လင်မယားရန်ဖြစ်တယ်၊ အမျိုးသမီး အရိုက်ခံရတယ်ဆိုရင် ပတ်ဝန်းကျင်က အမျိုးသမီးက အမျိုးသားကို ဘာပြန်ပြောလို့လဲမှ မသိတာဆိုပြီး မေးခွန်းက အရင်လာတယ်။ အမျိုးသားကိုတော့ မပြောဘူးပေါ့။ ဘာလို့သူကရိုက်လည်း မမေးဘူး။ ပြောချင်တာက အမျိုးသမီးက ပြန်ပြောလို့၊ အမျိုးသား ရိုက်ချင်တာ မဟုတ်ဘူး၊ အဲ့လိုအမြင်တွေ ရှိတယ်။ လင်ပဲမယားပဲ အချိန်တန် ပြန်တည့်မှာပဲ၊ ခွဲလိုက်လို့ရှိရင်လည်း ကလေးရဲ့ အနာဂတ်ရှိသေးတယ်။ ကလေး မျက်နှာငယ်မယ်ဆိုတဲ့ပုံစံနဲ့ အမျိုးသမီးတွေက ဆက်ပြီးတော့ အကြမ်းဖက်ခံနေရတယ်” ဟု မမာလာက ဆိုသည်။  

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို အစိုးရက ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာခဲ့သည်။  

လက်ရှိတွင် လွှတ်တော်တစ်ရပ်ရပ်၌ အဆိုပါမူကြမ်းကို တင်ထားဆဲသာရှိကြောင်းနှင့် ဥပဒေမူကြမ်းတွင် ပါဝင်သော အချို့ပြဌာန်းချက်များသည် အမျိုးသမီးထုအတွက် အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်မည့် အာမခံချက်များ ရှိသော်လည်း ပြဌာန်းချက်အများစုမှာ ပြန်လည်သုံးသပ် ပြင်ဆင်မှသာ ထိရောက်မှု ရှိမည်ဖြစ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ အနေဖြင့် ပြန်လည် ဆန်းစစ်ပေးရန် တရားလွှတ်တော် ရှေ့နေတစ်ဦးလည်းဖြစ် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ၏ ဒါရိုက်တာလည်းဖြစ်သည့် ဒေါ်လှလှရီက ဆိုသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly