ကယ်လီဖိုးနီးယား၌ ဆေးရုံများအကျပ်အတည်းဆိုက်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းသက်တမ်း တိုးမြှင့်

ကယ်လီဖိုးနီးယား၌ ဆေးရုံများအကျပ်အတည်းဆိုက်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းသက်တမ်း တိုးမြှင့်

ဒီဇင်ဘာ ၃၀

အမေရိကန်၌ ကိုဗစ်-၁၉ ကပ်ရောဂါအဆိုးဆုံးဖြစ်ပွားသည့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆေးရုံးအများအပြား အကျပ်အတည်းကျရောက်လုနီးပါးအခြေအနေရောက်ရှိနေသည်ဟု ကျန်းမာရေးအာဏာပိုင်များက သတိပေးပြောဆိုနေသောကြောင့် ဒီဇင်ဘာ ၂၉ ရက်က ပြည်နယ်ဧရိယာအများအပြားတွင်  အိမ်၌နေရန်ညွှန်ကြားချက်များကို ထပ်မံသက်တမ်းတိုးခဲ့သည်။ 

ကယ်လီဖိုးနီးယားပြည်နယ်ရှိ လူဦးရေသန်း ၄၀ ခန့်၏ထက်ဝက်ကျော်နေထိုင်သော ပြည်နယ်တောင်ပိုင်းတွင် လာမည့်သီတင်းပတ်အတွင်း ဆေးရုံအထူးကြပ်မတ်ဆောင်များ ပြည့်သွားနိုင်ဖွယ်ရှိသဖြင့် ယခုလအစောပိုင်းက ချမှတ်ထားသည့် လူမှုရေးရာနှင့်စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များအား သက်တမ်းထပ်တိုးလိုက်ခြင်းဖြစ်သည်။

လူဦးရေအများဆုံးဖြစ်သည့် လော့စ်အိန်ဂျလိစ်ကောင်တီတွင် ရောဂါကူးစက်မှုနှင့် ဆေးရုံတက်ရောက်ကုသမှုများမြင့်တက်လာမှုကို သီတင်းပတ်ပေါင်းများစွာ တွေ့ကြုံနေရသည်ဟု ကယ်လီဖိုးနီးယား ကျန်းမာရေးနှင့် လူမှုရေးရာဝန်ကြီး Dr. Mark Ghaly က ပြောသည်။

တောင်ကယ်လီဖိုးနီးယားရှိ တချို့ဆေးရုံများသည် အခြေအနေကောင်းသောလူနာများအတွက် ဆေးကုသရာတွင် ထိရောက်မှုကို ချိန်ဆခြင်းကဲ့သို့သော အကျပ်အတည်းအတွင်းစောင့်ရှောက်မှုဆိုင်ရာနည်းလမ်းများကို ပြင်ဆင်ထားပြီဖြစ်သည်ဟု Dr. Mark Ghaly က ဆိုသည်။

အတည်ပြုထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နွေဦး၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင်နိုင်အထိ ပြည်နယ်၏ကျန်းမာရေးစနစ်ယုတ်လျော့လာမှုကို အာဏာပိုင်များက တားဆီးလိုသည်။

Stay-at-home အမိန့်အောက်ရှိ ပြည်သူများသည် ဈေးဝယ်ထွက်ခြင်း၊ ဆေးခန်းပြခြင်း၊ လေ့ကျင့်ခန်းထွက်လုပ်ခြင်းနှင့် ခွေးကျောင်းခြင်းများမှလွဲ၍ အိမ်ထဲမှာနေကြရမည်ဖြစ်ပြီး ခရီးသွားလာမှုကို ရှောင်ရှားရန်လိုအပ်မည်ဖြစ်သည်။ 

အထူးကြပ်မတ်ဆောင်များ အနည်းဆုံး ၁၅ % အထိ နေရာလွတ်ပါက ကန့်သတ်မိန့်များကို ရုပ်သိမ်းနိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly