ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်က ပိုမိုပြင်းထန်သည့်နာမကျန်းမှု မဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်က ပိုမိုပြင်းထန်သည့်နာမကျန်းမှု မဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

ဒီဇင်ဘာ ၃၀ 

အသစ်တွေ့ရှိထားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် တခြားမျိုးကွဲများထက် ပိုမိုပြင်းထန်သော နာမကျန်းမှုများကို ဖြစ်ပေါ်စေနိုင်သည့်ပုံမပေါ်ကြောင်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန၏ နှိုင်းယှဉ်လေ့လာချက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် ပိုမိုလျှင်မြန်စွာ ပျံ့နှံ့နိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုထားသည်။ ၎င်းဗိုင်းရပ်စ်မျိုးကွဲကို ဒီဇင်ဘာလလယ်က အင်္ဂလန်တွင်တွေ့ရှိခဲ့ပြီးနောက် တခြားနိုင်ငံများက ယူကေအပေါ် ခရီးသွားလာခွင့်ကန့်သတ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံအတော်များများတွင်လည်း အဆိုပါဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရှိထားသည်။

သုတေသီများသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရသူ ၁၇၆၉ ဦးနှင့် ပုံမှန်တွေ့နေကျဗိုင်းရပ်စ် (wild-type) ကူးစက်ခံရသူ ၁၇၆၉ ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ အုပ်စုနှစ်ခုစလုံးကို အသက်၊ လိင်၊ နေရပ်နှင့် ရောဂါစမ်းသပ်ချိန်များပေါ်မူတည်ပြီး အချိုးညီစွာ နှိုင်းယှဉ်လေ့လာခဲ့သည်။

ဆေးရုံတက်ရသူ ၄၂ ဦးအနက် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရသူ ၁၆ ဦးနှင့် wild-type ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆ ဦးရှိသည်ကို လေ့လာတွေ့ရှိခဲ့သည်။ သေဆုံးမှုအားဖြင့် မျိုးကွဲကူးစက်ခံရသူ ၁၂ ဦးနှင့် wild-type ဗိုင်းရပ်စ်ကူးစက်သူ ၁၀ ဦး သေဆုံးခဲ့သည်။

ဗိုင်းရပ်စ်မျိုးကွဲနှင့် wild-type အကြား နှိုင်းယှဉ်လေ့လာမှုများ၏ ကနဦးရလဒ်များအရ ဆေးရုံတက်ရောက်ကုသမှုနှင့် ၂၈ ရက်အတွင်းသေဆုံးမှုနှုန်းများမှာ စာရင်းအင်းအရ သိသိသာသာ ကွဲပြားခြားနားမှုမရှိကြောင်း တွေ့ရသည်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ပြန်လည်ကူးစက်ခြင်းအလားအလာသည်လည်း တခြားမျိုးကွဲများနှင့်နှိုင်းယှဉ်ပါက သိသာသောခြားနားချက်မရှိပေ။ 

သို့သော် ဒုတိယအကြိမ် တိုက်ခိုက်မှုနှုန်း သို့မဟုတ် ကူးစက်ခံရသူနှင့်ထိတွေ့မှုအချိုးအစားသည် ဗိုင်းရပ်စ်မျိုးကွဲကူးစက်ခံရသူများတွင် ပိုမိုမြင့်မားသည်ဟု လေ့လာမှု၌ ဖော်ပြထားသည်။ 

ရောဂါကူးစက်မှုဆိုင်ရာအကြံပေးတစ်ဦးဖြစ်သည့် Andres Hayward က ပိုမိုကူးစက်လွယ်သော ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ထိရောက်စွာ မကိုင်တွယ်နိုင်ပါက ဗြိတိန်အနေဖြင့် လာမည့်သီတင်းပတ်များအတွင်း ကြီးမားလှသည့်ဘေးအန္တရာယ်ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က သတိပေးခဲ့သည်။ 

ဗြိတိန်တွင် အင်္ဂါနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃ ၁၃၅ ဦးရှိခဲ့ပြီး ၂၀၂၀ နှစ်လယ်ပိုင်းကစတင်ခဲ့သည့် လူအများအပြားစမ်းသပ်စစ်ဆေးကတည်းက အများဆုံးကူးစက်ခံရမှုဖြစ်သည်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံ့ဧရိယာအများအပြားကို ကန့်သတ်မှု အဆင့် ၄ စည်းမျဉ်းသတ်မှတ်ရန် သဘောတူထားသည်ဟု   The Times သတင်းဌာနက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly