ဆော်ဒီသို့ စမတ်ဗုံးအလုံး ၃၀၀၀ ရောင်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

ဆော်ဒီသို့ စမတ်ဗုံးအလုံး ၃၀၀၀ ရောင်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

ဒီဇင်ဘာ ၃၀

ဆော်ဒီအာရေဗျ ဘုရင့်တိုင်းပြည်ထံ အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံ သဘောတူညီချက်တန်ဖိုးဖြင့် ပစ်မှတ်တိကျ ပဲ့ထိန်းစမတ်ဗုံး ၃၀၀၀ ကို ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။

ယခု ရောင်းချမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း နောက်ဆုံးရက်များတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်လက်နက်များအား အရှေ့အလယ်ပိုင်း အများဆုံး ဝယ်လက်ဖြစ်သည့် ဆော်ဒီအာရေဗျအား လက်နက်ရောင်းချခြင်းများကို တန့်ရပ်မည်ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ကတိခံထားသည်။ ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာ‌ထောက်ထားရေး ပဋိပက္ခကို ဖြစ်ပွားစေသည့် ယီမင်နှင့် စစ်ပွဲများ အဆုံးသတ်ရန် ဆော်ဒီကို ဖိအားပေးခြင်းအနေဖြင့် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ရောင်းချသည့် စစ်လက်နက်ပစ္စည်းများတွင် GBU-39 Small Diameter Bomb I (SDB I) စမတ်ဗုံး ၃၀၀၀၊ ထုပ်ပိုးကွန်တိန်နာ၊ ထောက်ပံ့ပစ္စည်းများ၊ အရန်အပိုပစ္စည်းများနှင့် နည်းပညာထောက်ပံ့မှုများ ပါဝင်သည်ဟု ပင်တဂွန်က ပြောသည်။

“အခု အဆိုပြုတဲ့ ရောင်းချမယ့် လက်နက်တွေကြောင့် ဆော်ဒီအနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာပါ ကြုံရမယ့် ခြိမ်းခြောက်မှုတွေကို တာဝေးနဲ့ ပစ်မှတ်တိကျတဲ့ ဝေဟင်က မြေပြင်ပစ် ဗုံးလက်နက်တွေနဲ့ ရင်ဆိုင်နိုင်စွမ်း ပိုပြီး အင်အားတောင့်လာမှာပါ။”ဟု ပင်တဂွန်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ပြင် “SDB I ရဲ့ အရွယ်အစားနဲ့ တိကျမှုက ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးနဲ့ ပစ်မှတ်ကို ထိရောက်စွာ ချေမှုန်းနိုင်မှာ ဖြစ်တယ်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

အဆိုပါ လက်နက်ရောင်းချခွင့်အား ပင်တဂွန်၏ ကာကွယ်ရေး လုံခြုံရေးရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက ကွန်ဂရက်သို့ အင်္ဂါနေ့တွင် တင်ပြခွင့်ပြုချက် တောင်းခံခဲ့သည်။ ယီမင်တွင်အရပ်သားများ သေဆုံမှုများ မြင့်တက်နေခြင်းကြောင့် လွတ်တော်အမတ်များကစိတ်ဆိုးဒေါသထွက်ပြီး အစောပိုင်းကလည်း F - 35 စစ်လေယာဉ်များ ဆော်ဒီသို့ ရောင်းချခြင်းကိုပိတ်ပင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်သော်လည်း အရောင်းအဝယ် မဖြစ်မြောက်သေးသကဲ့သို့ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်ဦးမည် ဖြစ်သည်။

အဆိုပါ လက်နက်များအတွက် အဓိကကန်ထရိုက်တာမှာ Boeing ကုမ္ပဏီဖြစ်ကြောင်း ပင်တဂွန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly