အာဂျင်တီးနား၌ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်း ထောက်ခံသူနဲ့ဆန္ဒပြသူတွေ အထက်လွှတ်တော်ပြင်ပမှာ စုဝေး 

အာဂျင်တီးနား၌ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်း ထောက်ခံသူနဲ့ဆန္ဒပြသူတွေ အထက်လွှတ်တော်ပြင်ပမှာ စုဝေး 
Photo - AFP

ဒီဇင်ဘာ ၃၀ 

သန္ဓေဖျက်ချတာကို တားမြစ်တဲ့ ရိုမန်ကက်သလစ်ခရစ်ယာန်အယူဝါဒတွေ ရေရှည်လွှမ်းမိုးနေခဲ့တဲ့ အာဂျင်တီးနားနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကြမ်းကို အင်္ဂါနေ့က အထက်လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနေစဉ် ၎င်းဥပဒေကြမ်းကို ထောက်ခံသူတွေရော ဆန့်ကျင်သူတွေပါ လွှတ်တော်ပြင်ပမှာ စုဝေးခဲ့ကြပါတယ်။  

များစွာမျှော်လင့်ထားကြတဲ့ အထက်လွှတ်တော်ဆွေးနွေးပွဲကို အာဂျင်တီးနားရဲ့ ဒု-သမ္မတလည်းဖြစ်တဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ခရစ္စတီးနားကာ့ချ်နာက ကြီးမှူးမှာဖြစ်ပါတယ်။ 

ဒေသစံတော်ချိန် ညနေ ၄ နာရီ ဆွေးနွေးပွဲစတင်ချိန်မှာ အထက်လွှတ်တော်အမတ် ၇၂ ယောက်အနက် ၆၇ ယောက်က လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကတစ်ဆင့် တက်ရောက်မှာဖြစ်တယ်လို့ ကာ့ချ်နာက ပြောပါတယ်။ 

၎င်းအဆိုကို ဆွေးနွေးဖို့ ၅၈ ယောက်က စာရင်းပေးသွင်းထားပြီး ညဉ့်နက်တဲ့အထိ မဲပေးနိုင်ဖွယ်မရှိသေးပါဘူး။  

“ဒီနေ့ဟာ မျှော်လင့်ချက်တွေပြည့်ဝတဲ့နေ့တစ်နေ့ပါ။ မတရားသေဆုံးရတာတွေကို ရှောင်ရှားနိုင်မယ့် စီမံကိန်းကို စတင်ဆွေးနွေးကြတော့မှာပါ” လို့ အာဏာရညွန့်ပေါင်းအဖွဲ့မှ အထက်လွှတ်တော်အမတ် နော်မာ ဒူရန်ဂို ကပြောပါတယ်။ 

ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်းကို သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က အဆိုပြုခဲ့တာဖြစ်ပြီး ကက်သလစ်တွေနဲ့ ပရိုတက်စတင့်ဂိုဏ်းဝင်ခရစ်ယာန်တွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြပေမယ့် ဒီဇင်ဘာ ၁၁ ရက်က အောက်လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

သမ္မတ ဖာန်ဒက်ဇ်က “ကျွန်တော်က ကက်သလစ်ဘာသာဝင်ဖြစ်ပေမယ့် အားလုံးအတွက် ဥပဒေပြုပေးရပါမယ်။ နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ကို တိတ်တဆိတ်ဖျက်ချမှုတွေကြောင့် အမျိုးသမီး ၃၈ ၀၀၀ လောက်ဟာ ဆေးရုံရောက်ခဲ့ကြရပါတယ်။ ဒီမိုကရေစီကို ပြန်လည်အသက်သွင်းခဲ့တဲ့ ၁၉၈၃ ခုနှစ်နောက်ပိုင်း အမျိုးသမီး ၃ ၀၀၀ ထက်မနည်း ဒီပြဿနာကြောင့် သေဆုံးခဲ့ရပါတယ်” လို့ ဆိုပါတယ်။ 

လူဦးရေ ၄၄ သန်းရှိတဲ့ အာဂျင်တီးနားမှာ တစ်နှစ်ကို အမျိုးသမီးပေါင်း ၃၇၀ ၀၀၀ နဲ့ ၅၂၀ ၀၀၀ အကြားဟာ တရားမဝင် ကိုယ်ဝန်ဖျက်ချနေကြတယ်လို့ အစိုးရကပြောပါတယ်။ 

လွန်ခဲ့တဲ့နှစ်,နှစ်က အလားတူ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် အထက်လွှတ်တော်မှာ ၃၈ မဲ ၃၁ မဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဒီဥပဒေကြမ်းဟာ သန္ဓေသား ၁၄ ပတ်အတွင်း မိမိဆန္ဒအလျောက် ကိုယ်ဝန်ဖျက်ချခွင့်ရှိမှာဖြစ်ပါတယ်။  

လက်ရှိဥပဒေအရ အဓမ္မပြုကျင့်ခံရလို့ ကိုယ်ဝန်ရှိသွားတာနဲ့ မိခင်ရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခါမျိုးမှာသာ ကိုယ်ဝန်ဖျက်ချခွင့်ပြုထားတာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly