ကူးပြောင်းရေးအဖွဲ့ကို ထရမ့်၏ လက်ထောက်များက တားဆီးပိတ်ဆို့မှုများ လုပ်နေဟု ဘိုင်ဒင် ပြော 

 ကူးပြောင်းရေးအဖွဲ့ကို ထရမ့်၏ လက်ထောက်များက တားဆီးပိတ်ဆို့မှုများ လုပ်နေဟု ဘိုင်ဒင် ပြော 

ဒီဇင်ဘာ ၂၉

သမ္မတ ဒေါ်နယ်ထရမ့် လက်အောက်တွင် အမေရိကန်၏ လုံခြုံရေး အေဂျင်စီများအနက် အများအပြားသည် ထိခိုက်နှောင့်ယှက်ခံထားရကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။ ထို့ပြင် မကြာမီ ရာထူးစွန့်ရတော့မည့် အစိုးရအဖွဲ့ထံမှ မိမိ၏ ကူးပြောင်းရေးအဖွဲ့ထံ သတင်းအချက်အလက်များ ထောက်ပံ့ ပေးအပ်ခြင်း မရှိခြင်းကလည်း တာဝန်မဲ့မှုတစ်ခုပင် ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။ 

“ကာကွယ်ရေးဝန်ကြီးဌာန နဲ့ စီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံး တို့က နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေဘက်က လမ်းပိတ်ဆို့မှုတွေနဲ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်” ဟု ဘိုင်ဒင်က ၎င်း၏ နိုင်ငံခြားရေး မူဝါဒ အဖွဲ့နှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုအပြီး ပြောသည်။ 

“ခု လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ဟာ အဓိကကျတဲ့ အမျိုးသားလုံခြုံရေးနယ်ပယ် ဧရိယာတွေနဲ့ပတ်သက်ပြီး မကြာမီ ရာထူးစွန့်ရတော့မယ့် အစိုးရအဖွဲ့ဆီကနေ ကျွန်တော်တို့ လိုအပ်တဲ့ သတင်းအချက်အလက်အားလုံး ရမနေပါဘူး၊ ဒါက တကယ်တော့ ကျွန်တော့်အမြင်အရ ဆိုရင် တာဝန်မဲ့မှု ပါပဲ” ဟု ဘိုင်ဒင်က ပြောခဲ့သည်။ 

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် ဘိုင်ဒင်သည် ထရမ့်ကို နိုင်ပြီးနောက်ပိုင်း အဆိုပါ ဒီမိုကရက်၏ အဖွဲ့သည် အာဏာလွှဲပြောင်းရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို နိုဝင်ဘာလကုန်ပိုင်းမှသာ စတင်နိုင်ခဲ့သည်။ 

ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သည့် ထရမ့်သည် ရွေးကောက်ပွဲအရှုံးကို ဝန်ခံရန် ငြင်းဆန်ထားခဲ့ပြီး ၎င်း၏အစိုးရအဖွဲ့သည် ဘိုင်ဒင်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နိုဝင်ဘာ ၂၃ ရက်မှသာ ခွင့်ပြုချက်ထုတ်ပေးခဲ့သည်။ 

ဘိုင်ဒင်သည် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတ ရာထူးကို စတင်လက်ခံတာဝန်ယူသွားမည်ဖြစ်သည်။ 

ယခုလ အစောပိုင်းတွင် ဘိုင်ဒင်၏အဖွဲ့က ၎င်းတို့၏ သတင်းအချက်အလက်ရရေး ပန်ကြားမှုများအတွက် ပင်တဂွန် တာဝန်ရှိသူအချို့ထံမှ ငြင်းဆန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ပြောခဲ့သည်။ 

ယင်းနှင့်ပတ်သက်၍ ပင်တဂွန်ဘက်က ပြန်လည် တုံ့ပြန်ခဲ့သည်။ ပင်တဂွန်အနေဖြင့် တာဝန်ရှိသူ ၄၀၀ ကျော်နှင့် အင်တာဗျူး ၁၆၄ ခု လုပ်ထားခဲ့ကြောင်း၊ အထောက်အထားစာရွက် စာမျက်နှာပေါင်း ၅,၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း ခေတ္တ ကာကွယ်ရေးဝန်ကြီး ခရစ်စတိုဖာ မီလ်လာက ထုတ်ပြန်ခဲ့သည်။ 

သို့သော် ဘိုင်ဒင်က ဒီဇင်ဘာ ၂၈ ရက်တွင် ၎င်းတို့အဖွဲ့၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ထပ်လောင်း ပြောကြားသွားခဲ့သည်။ ဘိုင်ဒင် သမ္မတ ရာထူးတာဝန်ယူချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးအပြင် တရုတ်၊ အီရန်နှင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အမျိုးမျိုးသော စိန်ခေါ်မှုများကို ဆက်ခံတာဝန်ယူကိုင်တွယ်သွားရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly