တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကြောင့် တစ်နေ့တာ သေဆုံးမှု စံချိန်တင်

29 December 2020
တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ကြောင့် တစ်နေ့တာ သေဆုံးမှု စံချိန်တင်

ဒီဇင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအသစ် ၄၀ ဦးအထိ ရှိခဲ့ဟု ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်ခဲ့ရာ ယင်းသည် နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် တစ်နေ့တာ လူသေဆုံးမှုပိုင်း စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ယင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်းသည် ၈၅၉ ဦးအထိ ရှိလာခဲ့ဖြစ်ကာ လက်ရှိအချိန်တွင်လည်း မြို့တော် ဆိုးလ်ရှိ အကျဉ်းထောင်တစ်ခုနှင့် ဘိုးဘွားရိပ်သာများကို ဗဟိုပြုသည့် ကူးစက်မှု တတိယလှိုင်းတစ်ခုနှင့်လည်း ရင်ဆိုင်လုံးပန်းနေရသည်။

ဗြိတိန်တွင် ဗိုင်းရပ်စ် ကူးစက်မှုများ အလျင်အမြန် မြင့်တက်မှုနှင့် ဆက်နွယ်သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုကို တောင်ကိုရီးယားတွင် တွေ့ရှိခဲ့ပြီးနောက် ယခုအခါ တောင်ကိုရီးယား တာဝန်ရှိသူများသည် နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်တစ်ခု စတင်ရန် အရှိန်မြှင့်လုပ်သွားမည်ဟု ကြုံးဝါးထားခဲ့ကြသည်။

ဒီဇင်ဘာ ၂၈ ရက် ညသန်းခေါင်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁,၀၄၆ ဦး ထပ်တွေ့ခဲ့ပြီး နိုင်ငံတွင် ကူးစက်ခံထားရသူစုစုပေါင်း ၅၈,၇၂၅ ဦး ရှိနေကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) က ပြောသည်။

ကူးစက်မှုသစ်များအနက် ၁,၀၃၀ ဦးသည် ပြည်တွင်း၌ ကူးစက်ခြင်းဖြစ်ပြီး ထက်ဝက်ကျော်ကို ဆိုးလ်တွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။

ဆိုးလ်မြို့ အကျဉ်းထောင်တစ်ခု၌ ကူးစက်ခံရသူ ၇၅၇ ဦးအထိ ရှိသည့် ကြီးမားသည့် အစုအဝေးပုံစံ ကူးစက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ စိတ်မကောင်းမိကြောင်း ၀န်ကြီးချုပ် ချွန်စီကျွန်းက ပြောခဲ့ပြီး ကာကွယ်ရေးအစီအမံများ အစွမ်းကုန်လုပ်ရန် တိုက်တွန်းသွားခဲ့သည်။

အာဏာပိုင်တို့သည် ယခုအခါ အထူးသဖြင့် ဆိုးလ် မက်ထရိုပိုလစ်တန် ဧရိယာတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရနိုင်သူများနှင့် ဇာစ်မြစ်မသိရသော ဖြစ်နိုင်ခြေရှိ ကူးစက်မှုများကို ရှာတွေ့ရန် စစ်ဆေးမှုများကို အရှိန်မြှင့်လုပ်နေခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဆိုးလ်မြို့တော်ဧရိယာရှိ ယာယီ စစ်ဆေးရေးစင်တာများတွင် စစ်ဆေးမှုပေါင်း ငါးသိန်းကျော် လုပ်ခဲ့ပြီး လူနာ ၁,၄၀၀ ကျော် ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ချွန်က ပြောသည်။

“ကျွန်တော်တို့ဟာ တိတ်တဆိတ် ရောဂါပိုး ဖြန့်နိုင်သူတွေကို ရှာဖွေရာမှာနဲ့ ကူးစက်မှုတွေကို တားဆီးဖို့အတွက် တိုးတက်မှုတွေ လုပ်ထားနိုင်ခဲ့ပါတယ်” ဟု ချွန်က အစည်းအဝေးတစ်ခု၌ ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly