မှောင်ခိုသွင်းလာသည့် ရော်ဘာ ကုန်ကြမ်းနှင့် မြန်မာ ၇ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မှောင်ခိုသွင်းလာသည့် ရော်ဘာ ကုန်ကြမ်းနှင့် မြန်မာ ၇ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

ဒီဇင်ဘာ ၂၈၊ ၂၀၂၀

မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ထိုင်းရေပိုင်နက်အတွင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမည့် ရော်ဘာကုန်ကြမ်းများ တင်ဆောင်လာသော စက်လှေ သုံးစီးနှင့် လူ ခုနစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့သည်။

အဆိုပါ တရားမဝင် ရော်ဘာကုန်ကြမ်း သုံးတန်နှင့်အတူ စက်လှေသုံးစီး၊ မြန်မာနိုင်ငံသား ခုနစ်ဦးသည် ရနောင်းခရိုင်၊ စီးအားလအူ(န်) မြို့နယ်အပိုင်၊ လအူ(န်)ချောင်း၊ ဘန်ကဲဝို့ ရပ်ကွက်၊ လအူ(န်)မြို့နယ်သို့ တင်ပို့ရောင်းချရန် သွားရောက်ရာမှ ထိုင်းအစိုးရ သက်ဆိုင်ရာ ခရိုင်အရာရှိများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိုင်းရေတပ် စစ်ရေယာဉ်တို့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

စင်ခွန်း-မောတောင် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က “ရော်ဘာတွေက မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို သွားရောက် ရောင်းချဖို့ သယ်လာတဲ့ စက်လှေတွေပါ။ တရားမဝင် လယ်ယာထွက်ကုန်တွေ ဖြစ်လို့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ ဖြစ်တယ်” ဟု ပြော သည်။

ကိုဗစ် ကူးစက်ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံတွင် ရော်ဘာဈေး ကောင်းနေချိန်ဖြစ်၍ မြန်မာဘက်မှ တရားမဝင် ရော်ဘာများကို သွားရောက် ရောင်းချနေရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင် ရော်ဘာ ကုန်ကြမ်းများ တင်ဆောင်လာသော စက်လှေ သုံးစီးနှင့် မြန်မာနိုင်ငံသား ခုနစ်ဦးကို ရနောင်းခရိုင် အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းကာ ဆက်လက် အရေးယူနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required