တစ်နှစ်ကျော်ကြာ ထွက်ပြေးနေကာ လာရောက်အဖမ်းခံခဲ့သည့် ဦးလှဆွေအား အင်းစိန်အကျဉ်းထောင်ပို့  

တစ်နှစ်ကျော်ကြာ ထွက်ပြေးနေကာ လာရောက်အဖမ်းခံခဲ့သည့် ဦးလှဆွေအား အင်းစိန်အကျဉ်းထောင်ပို့  
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဒီဇင်ဘာ ၂၈ရက်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းအထုတ်ခံထားရသော ဦးလှဆွေ(ခေါ်)ဘူးလက်လှဆွေသည် တစ်နှစ်ကျော်ကြာထွက်ပြေးတိမ်းရှောင်နေရာမှယနေ့(ဒီဇင်ဘာ ၂၈)ရက်တွင် လာရောက်အဖမ်းခံခဲ့ရာ ရမန်နှစ်ပတ်ယူပြီး အင်းစိန်အကျဉ်းထောင်သို့ပို့လိုက်ကြောင်းရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ဦးလှဆွေသည် ယနေ့ (ဒီဇင်ဘာ ၂၈) တွင် ဒဂုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်ခံထားရသည့် ဦးလှဆွေအား  ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီးတရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၁၃၀/၂၀၂၀ အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းနှင့်ပြန်ကြာရေးအရာရှိ ဦးဇော်ဇော်ထွန်းကဆိုသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

၎င်းက“ဒါကတော့ ပြန်လည်ဖမ်းဆီးရမိတဲ့အတွက်ကြောင့် တရားရုံးများလက်စွဲ ၁၁၃၇ ဒုတိယအပိုဒ်အရတော့ ရာဇဝတ်ကြီးပြန်ဖွင့်ရတာပေါ့။ အခုကတော့ လူရှေ့ရောက်တယ်။ ဒါပေမယ့် စစ်ခဲ့တဲ့ ကိစ္စက အကုန်လုံးပြန်စစ်မှာ။ စစ်ခဲ့တဲ့သက်သေတွေအကုန်လုံး ရုံးရှေ့မှာ တရားခံရှေ့မှောက်မှာ တရားခံကလည်း ဥပဒေနဲ့အညီ ခုခံချေပခွင့်ရှိမှာဖြစ်ပါတယ်။ သူကလည်း ရှေ့နေငှားရမ်းထုချေလိုကြောင်း တင်ပြတဲ့အတွက်ကြောင့် ကျွန်တော်တို့ကနေပြီးတော့ ရှေ့နေပါဝါတင်ဖို့အတွက် ရုံးချိန်းပေးရတာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့နောက် ရမန် နှစ်ပတ်ရယူကာ ရုံးချိန်းအား လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့သို့ ချိန်းဆိုခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ဦးလှဆွေသည် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ ယနေ့တွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ၄◌င်း၏ အမှုအား အစကနေ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းနှင့်ပြန်ကြာရေးအရာရှိ ဦးဇော်ဇော်ထွန်းက ဆိုသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

၄င်းက “အစကနေပြန်လည်စစ်ဆေးမှာပါ။ သူ့ရဲ့သဘောသဘာဝက တရားခံမျက်ကွယ်မှာစစ်ထားတဲ့ဟာတွေက တရားခံပြေးအမှုမှာ စစ်တဲ့ဟာတွေဖြစ်ပါတယ်။ တရားခံ‌မိလာတဲ့အခါ တရားခံရှေ့မှောက်မှာ Fair trial standard တွေနဲ့အညီ စစ်ဆေးရတာဖြစ်ပါတယ်”ဟု ပြောသည်။
 
စွဲထားသည့် ပုဒ်မနှင့် လုပ်ထားသည့်လုပ်ရပ်နဲ့ထိုက်တန်မှုမရှိဘူးလို့ ယူဆတဲ့အတွက်တိမ်းရှောင်နေခြင်းဖြစ်ပြီး အခု၂၀၂၀ရွေးကောက်ပွဲပြီးနောက်ပိုင်း  ရိုးသားတဲ့မဲဆန္ဒရှင်တွေဘက်ကရပ်တည်ချင်လို့ အခုလိုထွက်လာဖြစ်ကြောင်း  အဖမ်းမခံမီ အွန်လိုင်းတွင်ပျံ့နှံနေသော ဦးလှဆွေ၏ရုပ်သံအင်တာဗျူးတွင် ထည့်သွင်းပြောထားသည်ကိုလည်းတွေ့ရသည်။

ဦးလှဆွေသည် ၂၀၁၉ခုနှစ် သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည့် ‘အမေရိကန်နိုင်ငံမှ မြန်မာ့  တပ်မတော် ထိပ်တန်းအရာရှိများ အပေါ်အရေးယူပိတ်ဆို့မှုများ အားဆန့်ကျင်ရှုတ်ချပွဲ’တွင် ် လက်ရှိအစိုးရအဖွဲ့ အကြီးအကဲများရုံးထိုင်သည့် နေရာများအပေါ် အမေရိကန်က ဗုံးကြဲစေချင်ကြောင်း၊ လက်ရှိအစိုးရကို ဗြောင်လိမ်သော အစိုးရ၊ တပ်မတော်ကို မကာကွယ်သော အစိုးရ စသည်ဖြင့် အစိုးရရုံး၊ သမ္မတရုံး ၊ အတိုင်ပင်ခံရုံးတို့ကိုပါ ပုတ်ခတ်ပြောဆိုခဲ့သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဦးလှဆွေ၏ ထိုသို့ပြောဆိုချက်များသည် နိုင်ငံတော်အစိုးရအပေါ် ထိခိုက်စော်ကားသည် ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အမှုနှင့်ပတ်သက်၍ တရားလိုနှင့် တရားလိုပြသက်သေ ခြောက် ဦး ပြသထားကြောင်း သိရသည်။  

ဦးလှဆွေအား အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်၂၀ အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required