အစိုးရယန္တရား တန့်ရပ်မှုကို ရှောင်ရန် ထရမ့်က ကပ်ဘေးရန်ပုံငွေနှင့် အသုံးစရိတ် ဥပဒေကြမ်းကို လက်မှတ်ထိုး

အစိုးရယန္တရား တန့်ရပ်မှုကို ရှောင်ရန် ထရမ့်က ကပ်ဘေးရန်ပုံငွေနှင့် အသုံးစရိတ် ဥပဒေကြမ်းကို လက်မှတ်ထိုး

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကပ်ဘေးအကူအညီနှင့် အသုံးစရိတ် ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံကို ဥပဒေအတည်ပြုပေးကာ တနင်္ဂနွေနေ့တွင် လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။ ထိုသို့ လက်မှတ်ထိုးလိုက်အားဖြင့် အမေရိကန်က သန်းပေါင်းများစွာသော ပြည်သူများ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရရှိစေမည် ဖြစ်သကဲ့သို့ ဗဟိုအစိုးရ ယန္တရားတန့်ရပ်မှုကိုလည်း ရှောင်လွှဲနိုင်ပြီ ဖြစ်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲ၌ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်ကို ရှုံးခဲ့၍ ဇန်နဝါရီ ၂၀ တွင် အိမ်ဖြူတော်မှ ထွက်ခွာရတော့မည့် ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်၌ ကွန်ဂရက်က အတည်ပြုခဲ့သော ယင်း ဥပဒေကြမ်းကို အတည်ပြုလက်မှတ်ထိုးရန် ငြင်းဆန်နေခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ပါတီကြီးနှစ်ရပ်စလုံးမှ လွှတ်တော်အမတ်များက ပြင်းထန်စွာ ဖိအားပေးခြင်းခံရရာမှ ယခုကဲ့သို့ လက်မှတ်ထိုးလာခဲ့ခြင်း ဖြစ်သည်။

အစိုးရ အကျပ်အတည်းဆိုက်နေသည့် တိုင်အောင် လူမြင်ကွင်းသို့ မထွက်ဘဲ တနင်္ဂနွေနေ့က ဂေါက်ရိုက်နေခဲ့သည့် ရီပတ်ဘရီကန်သမ္မတ ထရမ့်သည် ရုန်းကန်နေရသော အမေရိကန်ပြည်သူများအတွက် ထောက်ပံ့ရန်ပုံငွေ ဒေါ်လာ ၆၀၀ မှ ဒေါ်လာ ၂၀၀၀ သို့ တိုးပေးရန်နှင့် အခြား အသုံးစရိတ်များကို ဖြတ်တောက်ရန်အတွက် ယင်း ဥပဒေကြမ်းအား ကွန်ဂရက်က ပြင်ဆင်ရေးအတွက် လိုလားတောင်းဆိုထားခဲ့ခြင်းလည်း ဖြစ်သည်။

ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ကြောင်း ဝန်ခံရန် ငြင်းဆန်နေဆဲ ထရမ့်အနေဖြင့် ယခု ဥပဒေကြမ်းကို စိတ်ပြောင်းကာ လက်မှတ်ထိုးလာသည့် အကြောင်းရင်းက လတ်တလော သေချာမရှင်းလင်းသေးပေ။ ထိုသို့ လက်မှတ်ထိုးရန် ငြင်းဆန်နေခဲ့ခြင်းက ထရမ့်၏ သမ္မတ သက်တမ်းနောက်ဆုံး ကာလများတွင် နောက်ထပ် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပေါ်စေမည်ဟု ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့သည်။

ထရမ့်၏ စိတ်ပြောင်းကာ ဥပဒေကြမ်းအား လက်မှတ်ထိုးခြင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော် တာဝန်ရှိသူများက ရေငုံနှုတ်ပိတ်နေသော်လည်း အခြေအနေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က အချို့သော အကြံပေးများသည် ယင်း ဥပဒေကြမ်းအား ငြင်းပယ်ရမည့် အချက် မတွေ့ဟု ဆိုလျက် ထရမ့်အား အလျှော့ပေးလိုက်လျောရန် တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်ဟု ပြောသည်။

ဒီမိုကရက်များက ပြည်သူများအား ထောက်ပံ့ငွေကြေး ဒေါ်လာ ၂၀၀၀ ပေးရန် စိတ်ထားရှိကြသော်လည်း အများစုသော ရီပတ်ဘရီကန်များက ယခင်က ကန့်ကွက်နေခဲ့ကြခြင်း ရှိခဲ့သည်။ ဥပဒေကြမ်းပါ ဘဏ္ဍာရေးထောက်ပံ့ငွေကို စီးပွးာရေးပညာရှင်အများစုက သဘောတူပြီး စီးပွားရေးအရွှေ့ ပို၍ဖြစ်ပေါ်စေသင့်သည်ဟု ဆိုကြသော်လည်း ကပ်ဘေးလော့ဒေါင်းကြောင့် ထိခိုက်နေသော အမေရိကန်များကို လက်ငင်းထောက်ပံ့မှုများက အားချင်းလိုအပ်နေဆဲဖြစ်သည်ဟု ပြောကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly