ပိုးတွေ့လူနာ နည်းလာသည့် မြို့နယ်အချို့ကို Stay at Home ပယ်ဖျက် 

ပိုးတွေ့လူနာ နည်းလာသည့် မြို့နယ်အချို့ကို Stay at Home ပယ်ဖျက် 

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 

ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့မှ ပိုးတွေ့လူနာ လျော့နည်းလာသည့် မြို့နယ်အချို့ကို တတ်နိုင်သမျှ အိမ်မှာသာနေကြရန် Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့ညတွင် ထုတ်ပြန်သည်။ 

ယခင်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် လွှမ်းခြုံစနစ်ဖြင့် Stay at Home သတ်မှတ်ခဲ့သော်လည်း ရောဂါကူးစက်ဖြစ်ပွားမှု အများစုမှာ ကျေးရွာ၊ ရပ်ကွက် အုပ်စုတစ်ခုစီအလိုက် ကူးစက်ဖြစ်ပွားနေပြီး အချို့နေရာများတွင် ကူးစက်ဖြစ်ပွားမှု နည်းပါးနေသည့်အတွက် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးအတွက် အဆင်ပြေစေရန် ကူးစက်ဖြစ်ပွားမှု နည်းသည့် နေရာများကို ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။ 

Stay at Home သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းထက် လူတစ်ဦးတစ်ယောက်ချင်းစီ စည်းကမ်းလိုက်နာရန်နှင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများကို ရေရှည် လိုက်နာကြရန် လိုကြောင်းလည်း ၎င်းက ပြောသည်။ 

 ဒေါက်တာ သန်းနိုင်စိုးက “ပထမပိုင်းကတော့ Stay at Home တွေကို ကျွန်တော်တို့ အကုန်လုံးကို လွှမ်းခြုံပြီးတော့ လုပ်ခဲ့တယ်။ တိုင်းဆိုရင်လည်း တစ်တိုင်းလုံးပေါ့။ အဖြစ်များတဲ့ မြို့နယ်တွေ ဆိုရင်လည်း တစ်ခုလုံးပေါ့။ နောက်ပိုင်း ရောဂါဖြစ်ပွားမှုကို ပြန်ကြည့်ရင် အုပ်စုလိုက်၊ အုပ်စုလိုက် ဖြစ်ပွားနေတာ များတယ်။ မြို့နယ်တစ်လုံးကို ကြည့်လိုက်ရင် အချို့ရပ်ကွက် အုပ်စုတွေမှာ မရှိသလောက်ပဲပေါ့။ တစ်မြို့နယ်လုံးကို ပိတ်တာထက်စာရင် ဖြစ်ပွားမှု မရှိသလောက်နည်းနေတဲ့ နေရာတွေကို Stay at Home ပယ်ဖျက်လိုက်ရင် သူတို့အနေနဲ့လည်း ကျန်တဲ့ လူမှုရေး၊ စီးပွားရေးလုပ်လို့ ရမယ်ပေါ့နော်” ဟု ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် သုံးမြို့နယ်တွင် ပိုးတွေ့လူနာ နည်းလာသည့် ကျေးရွာ၊ အုပ်စုအချို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ကျန်မြို့နယ်များသည် Stay at Home အစီအစဉ်တွင် ဆက်လက် အကြုံးဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ဆိပ်ကြီး ခနောင်တိုမြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းက “လက်ရှိအနေအထားအရတော့ ပိုးတွေ့လူနာ ရှိတဲ့နေရာတွေ ချန်လှပ်ထားတာပေါ့။ ပိုးတွေ့လူနာ နှစ်ပတ်မတွေ့တဲ့ နေရာတွေကတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ Stay at Home ပယ်ဖျက်သင့်တယ်ဆိုပြီး တင်ပြချက်တွေနဲ့ပေါ့။ ကျွန်တော်တို့ကတော့ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ လိုက်နာ ဆောင်ရွက်နေတယ် ဆိုပြီး တင်လိုက်တယ်” ဟု ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် သုံးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ တစ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ နှစ်မြို့နယ်၊ ကချင်ပြည်နယ်မှ နှစ်မြို့နယ်၊ မွန်ပြည်နယ်မှ နှစ်မြို့နယ် စုစုပေါင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုရှိ မြို့နယ် ၁၂ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ခဲ့ရာ အဆိုပါ မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် လိုအပ်နေသေးသော ရပ်ကွက်၊ ကျေးရွာအုပ်စု အချို့နှင့် ကျန်မြို့နယ်များသည် Stay at Home အစီအစဉ်တွင် ဆက်လက် အကြုံးဝင်မည်ဖြစ်ကြောင်း ပါရှိသည်။ 

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပိုးတွေ့လူနာစုစုပေါင်း ၇၃၄ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၇ ဦးရှိခဲ့ရာ ပိုးတွေ့နှုန်း ကျဆင်းလာသော်လည်း သေဆုံးမှုနှုန်းမှာ ကျဆင်းမှု မရှိသေးကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly