ထိုင်းရှိ မြန်မာအပါအဝင် တရားမဝင်လုပ်သားများအား ယာယီအထောက်အထားကတ်ထုတ်ပေးမည်

ထိုင်းရှိ မြန်မာအပါအဝင် တရားမဝင်လုပ်သားများအား ယာယီအထောက်အထားကတ်ထုတ်ပေးမည်

ဒီဇင်ဘာ ၂၇ရက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် အထောက်အထားမဲ့တရားမဝင် အလုပ်သမားများအား ယာယီတရားဝင်လုပ်သားများအဖြစ်ထောက်ခံသည့်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကူးစက်မှုမြင့်မားနေသည့် စမွတ်ဆာခွန်းခရိုင်တွင် အလုပ်ရှင်များအနေဖြင့် တရားမဝင် အလုပ်သမားများအား စွန့်ပစ်ခြင်း၊ နှင်ထုတ်ခြင်းများ ရှိလာသောကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးတွင် အခက်အခဲ ရှိလာသည့်အတွက် ထိုင်းဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ကိုသန်းဇော်ထိုက်ကပြောသည်။  

၎င်းက“ပန်းရောင်ကဒ်ကျတော့ တခြားခရိုင်တွေဘာတွေ သွားလို့မရဘူး။ ကျွန်တော်တို့လုပ်ကိုင်နေတဲ့ ခရိုင်ထဲမှာပဲ ကျွန်တော်တို့နေရမယ်။ ဒီအလုပ်သမားတွေဟာ တရားမဝင် ဝင်ရောက်လာတယ်ဆိုတာမျိုး ဒါလေးကို ထောက်ခံထားတဲ့ တစ်ခုပါပဲ။ တခြားခရိုင်သွားမယ်ဆိုလို့ရှိရင် ဥပဒေချိုးဖောက်တယ်။ ဥပဒေအရ ပြစ်မှုပြစ်ဒဏ်တွေရှိတာပေါ့။ အဲ့လိုမျိုး ခံရမှာ” ဟု ရှင်းပြသည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် ယင်းကဒ်အား မည်သည့်နေ့တွင် မည်သို့ထုတ်ပေးမည်၊ မည်မျှ ကုန်ကျမည်ဆိုသည်အား တိတိကျကျ ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် ဖမ်းဆီးမှုများကြောင့်တရားမဝင်လုပ်သားများအခက်အခဲရှိချိန်တွင် ယခုကဲ့သို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားဖြစ်ကြောင်းအထောက်အထားကတ်(ပန်းရောင်ကတ်)များထုတ်ပေးလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခြင်း၊ နှင်ထုတ်ခြင်းခံရသည့် မြန်မာအလုပ်သမားများမှာ ၁၅၀ဦးခန့်ရှိကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့မှ သိရသည်။

ထိုကဲ့သို့ ယာယီတရားဝင်လုပ်သားများအဖြစ် မှတ်ပုံတင်ထုတ်ပေးခြင်း အတည်ပြုခဲ့ပါက အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ တရားမဝင်အလုပ်သမားများ၏ အသေးစိတ်အချက်အလက်များကို အွန်လိုင်းမှ တင်ပြနိုင်ပြီး ၎င်းတို့အတွက် အလုပ်ပါမစ် လျှောက်ထားနိုင်မည် ဖြစ်သည်။

အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့မှ ဦးခိုင်ကြီးက “လုပ်ငန်းရှင်မှာ ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ အလုပ်သမားဦးရေ ဘယ်လောက်ယူမယ်ဆိုတာ အလုပ်သမားဝန်ကြီးဌာနမှ လာလျှောက်ပါ။ ပြီးရင်သူ့ရဲ့စက်ရုံမှာပဲနေမြဲတိုင်းနေပြီးတော့မှ မိုဘိုင်းဝန်ဆောင်မှုနဲ့ စက်ရုံ အလုပ်ရုံတွေမှာလိုက်ပြီးတော့ စနစ်တကျလိုက်ရိုက်မယ်ဆို လူစုလူဝေးကမဖြစ်ဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀သိန်းကျော်ရှိသည်။နှစ်နိုင်ငံနယ်စပ်ခြေလျင်လမ်းမှတစ်ဆင့် ခိုးဝင်နေသူများလည်းနှစ်နိုင်ငံစလုံးတွင်ရှိနေသည်။ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နယ်စပ်ဒေသများမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းများ မပြုလုပ်ရန်နှင့် တရားမဝင် ဝင်ရောက်လာသူများနှင့် ရွှေ့ပြောင်းလုပ်သားများ ခေါ်ဆောင်လာသူတို့အား ထိုင်းအစိုးရမှ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ဒီဇင်ဘာ ၂၆ရက်နေ့က ထုတ်ပြန်ထားသည်။  

ဒီဇင်ဘာလဆန်းပိုင်းတွင် နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ တရားမဝင်သွားရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိခြင်းများလည်း ရှိခဲ့သည်။ ထိုင်းအစိုးရအနေဖြင့်လည်း နယ်စပ်လုံခြုံရေးအား ယခင်ကထက် အင်အားတိုးခြင်း၊ သံဆူးကြိုးများ ကာရံထားခြင်းနှင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ အသုံးပြုပြီး ရှာဖွေစစ်ဆေးခြင်းအား လုပ်ဆောင်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required