အစ္စရေးရဲ့ ‘ထင်တိုင်းကြဲ’ တိုက်ခိုက်မှုကြောင့် ကလေးဆေးရုံ ပျက်စီးပြိုကျရဟု ဟားမတ်စ် ပြော 

အစ္စရေးရဲ့ ‘ထင်တိုင်းကြဲ’ တိုက်ခိုက်မှုကြောင့် ကလေးဆေးရုံ ပျက်စီးပြိုကျရဟု ဟားမတ်စ် ပြော 
Photo - AFP

ဒီဇင်ဘာ ၂၇ ၊ ၂၀၂၀

အစ္စရေးရဲ့ အရိုင်းအစိုင်း ညပိုင်း တိုက်ခိုက်မှုတစ်ရပ်ကြောင့် ဂါဇာက ကလေးဆေးရုံတစ်ရုံ ပျက်စီးပြိုကျရကြောင်း ဟားမတ်စ်အဖွဲ့က စနေနေ့မှာ ပြောပါတယ်။ 

အစ္စရေးစစ်တပ်ကတော့ ဒီ တိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်ကနေ အစ္စရေးဆီ ဒုံးကျည်တွေ ပစ်ခတ်တာကို လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ 

ဂါဇာကမ်းမြောင်ဖက်ကနေ ဒုံးကျည်နှစ်စင်း ပစ်လွှတ်တိုက်ခိုက်တာကို လက်တုံ့ပြန်ပြီး ဒုံးကျည် ထုတ်လုပ်တဲ့ နေရာ၊ မြေအောက်အဆောက်အအုံတစ်ခုနဲ့ စစ်စခန်းတစ်ခုအပါအဝင်ဖြစ်တဲ့ ဟားမတ်စ်တွေရဲ့ ပစ်မှတ်သုံးခုကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ 

ဒါပေမယ့် ဂါဇာကို အုပ်စိုးထားတဲ့ ဟားမတ်စ်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ထင်တိုင်းကြဲ ရိုင်းစိုင်းတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ကလေးဆေးရုံနဲ့ ပြည်သူတွေအတွက် မရှိမဖြစ် ကုန်စည်ပစ္စည်းတွေ ထားတဲ့ စင်တာတစ်ခု ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ကလေးငယ်တစ်ဦးအပါအဝင် လူနှစ်ဦး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရတယ်လို့ ကျန်းမာရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

“ဂါဇာကနေပြီး ဘယ်လို အကြမ်းဖက်တိုက်ခိုက်လာမှုမှန်သမျှအတွက် ဟားမတ်စ်တွေအနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ခံစားရမယ်။”လို့ အစ္စရေးစစ်တပ်က တွစ်တာမှာ ရေးသားပါတယ်။ 

သောကြာနေ့ညက တောင်ပိုင်းဆိပ်ကမ်းမြို့ အက်ရှ်ကီလွန်နဲ့ ဂါဇာကမ်းမြောင် ပတ်လည်ဝန်းကျင်မှာ သတိပေးဥဩဆွဲခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“ဂါဇာဖက်ကနေ အစ္စရေးနယ်ထဲကို ဒီ ဒုံးကျည်နှစ်စင်း ပစ်လွှတ်တာ ဖြစ်ပါတယ်။”ဆိုပြီး စစ်တပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ အဲဒီ ဒုံးကျည်တွေကို Iron Dome သံကွန်ချာလေကြောင်းရန်ကာစနစ်နဲ့ ကြားဖြတ်ပစ်ချခဲ့တယ်လို့ ထပ်လောင်းဆိုပါတယ်။ 

ခုလို ဒုံးကျည်တွေ ကြားဖြတ်ပစ်ချရာမှာ ထိခိုက်ပျက်စီးမှု သတင်းတော့ မကြားသိရပါဘူး။ 

လူအနည်းအကျဉ်းကတော့ တုန်လှုပ်ခြောက်ခြားတာအတွက် ပြုစုကုသမှုပေးခဲ့ရတယ်လို့ အစ္စရေး အရေးပေါ်ကျန်းမာရေးဌာနက ပြောပါတယ်။ 

အစ္စရေးဆီ အခု ဒုံးကျည် တိုက်ခိုက်မှု မတိုင်ခင် တစ်လကျော်လောက်တုန်းကလည်း ကမ်းရိုးတန်းဂါဇာကမ်းမြောင်ဖက်ကနေ အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခံခဲ့ပါတယ်။ 

အစ္စရေးက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဟားမတ်စ်တွေဟာ ပြိုင်ဖက် ပါလက်စတိုင်လှုပ်ရှားမှုအဖွဲ့ ဖာတက်ရှ်အုပ်စုနဲ့ ၂၀၀၇ ခုနှစ်တုန်းက ပြည်တွင်းစစ်အသွင် တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှာ ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ရရှိသွားခဲ့တာပါ။  

အဲဒီအချိန်ကစလို့ ပါလက်စတိုင်း နှစ်သန်းနီးပါးနေထိုင်ရာ ကမ်းရိုးတန်းဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေနဲ့ အစ္စရေးတို့ ပျက်စီးမှုကြီးမားတဲ့ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။  

ဟားမတ်စ်အဖွဲ့ စစ်လက်နက်ပစ္စည်းတွေ မရရှိဖို့အတွက် အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ရေရှည်ဆက်လက်ပိတ်ဆို့ထားတာပဲ ဖြစ်ပါတယ် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly