နက်ရှ်ဗီးလ်မြို့မှာ ပေါက်ကွဲမှုကြီး ဖြစ်ပြီး ကာဖျူးအမိန့် ထုတ် 

နက်ရှ်ဗီးလ်မြို့မှာ ပေါက်ကွဲမှုကြီး ဖြစ်ပြီး ကာဖျူးအမိန့် ထုတ် 
Photo - AFP

ဒီဇင်ဘာ ၂၇ 

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပြီးနောက် ကာဖျူးအမိန့်တစ်ရပ် ထုတ်ခဲ့ရပါတယ်။  

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာအနီးဝန်းကျင်မှာ ကာဖျူးအမိန့်တစ်ခု အသက်လာဝင်ခဲ့ပြီးနောက်ပိုင်း နက်ရှ်ဗီးလ်မြို့လယ် လမ်းတွေမှာ လူသူကင်းမဲ့ တိတ်ဆိတ်သွားခဲ့ပါတယ်။ 

အများပြည်သူဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ပြီး နက်ရှ်ဗီးလ်မြို့တော်ဝန် ထုတ်ပြန်ညွန်ကြားထားခဲ့တဲ့ ကာဖျူးကတော့ ဗုဒ္ဓဟူးနေ့အထိ ဆက်လက်အသက်ဝင်နေမှာဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ခရစ္စမတ်နေ့တုန်းက သေနတ်ပစ်သံတွေနဲ့ပတ်သက်တဲ့ တိုင်တန်းချက်တွေကို တုံ့ပြန်ဆောင်ရွက်ဖို့ သွားခဲ့တဲ့ ရဲတွေဟာ ပါကင်ထိုးရပ်ထားတဲ့ အိမ်လို နေထိုင်တဲ့ ကားတစ်စီးကို တွေ့ခဲ့ရပြီး အဲဒီကားဆီကနေလည်း ဗုံးတစ်လုံး ရှိနေတယ်၊ မကြာခင်ပေါက်ကွဲတော့မယ်လို့ သတိပေးပြောဆိုနေတဲ့ အသံသွင်းထားတဲ့ စကားသံတွေ ထွက်နေခဲ့တာကို တွေ့ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် သိပ်မကြာခင်မှာ ပေါက်ကွဲမှုဖြစ်ပြီး အဲဒီပေါက်ကွဲမှုက နက်ရှ်ဗီးလ် မြို့လယ်မှာ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

အားပြင်းတဲ့ အဆိုပါ ပေါက်ကွဲမှုကြောင့် အမေရိကန် တောင်ပိုင်းမြို့ရဲ့ နေရာတစ်နေရာမှာ ပြတင်းတံခါးတွေကို အစိတ်စိတ် အမွှာမွှာ ကွဲသွားစေခဲ့သလို သစ်ပင်တွေကိုလည်း ထိမှန်စေခဲ့ကာ လူတစ်ချို့ကိုလည်း ဒဏ်ရာတွေ ရရှိစေခဲ့ပါတယ်။ 

ပေါက်ကွဲမှုကြောင့် သေဆုံးမှုဆိုင်ရာ အတည်ပြုချက် မရှိဘူးလို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန် ဒရိတ်က သတင်းထောက်တွေကို ပြောပေမယ့် အာဏာပိုင်တွေကတော့ လူ့အပိုင်းအစတွေ ဖြစ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အသားစတွေကို ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ တွေ့ခဲ့လို့ အဲဒါတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

အမေရိကန် ကန်းထရီးဂီတရဲ့ အချက်အချာအဖြစ် သိကြတဲ့ ယင်းမြို့ဟာ ခြိမ်းခြောက်မှုတွေ ရရှိခဲ့တာမျိုး မရှိခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က ဖြစ်နိုင်ဖွယ် ရည်ရွယ်ချက်ကို မသိရကြောင်း ဒရိတ်က ပြောပါတယ်။ 

ပေါက်ကွဲမှုကို မိုင်ချီ ကွာဝေးတဲ့ နေရာတွေကနေ ခံစားခဲ့ရနိုင်ပြီး လုပ်ငန်းနေရာ ဒါဇင်များစွာကို ထိခိုက်ပျက်စီးစေခဲ့ကာ မှန်တွေ ကွဲကုန်တာ၊ အပျက်အစီးအစုအပုံတွေ ဖြစ်စေခဲ့တာအပြင် ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိတဲ့ ဧရိယာတစ်ခုမှာ အဆောက်အအုံတစ်ခု ပြိုကျတာကိုပါ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ 

ပေါက်ကွဲမှုမဖြစ်ခင်က ကားထဲကနေ နောက် ၁၅ မိနစ်အတွင်း ဗုံးတစ်လုံး ပေါက်ကွဲတော့မယ်ဆိုပြီး သတိပေးစကားသံတစ်ခု ထွက်နေခဲ့ကြောင်း၊ ဒါဟာ ပေါက်ကွဲမှုမဖြစ်ခင် ဗုံးရှင်းလင်းရေးတပ်ဖွဲ့တစ်ခုက ယင်းဧရိယာကို ရှင်းလင်းဖို့ လုံလောက်တဲ့အချိန် ဖြစ်ခဲ့ကြောင်း ဒရိတ်နဲ့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒွန် အာရွန်တို့က ပြောပါတယ်။ 

ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သတိပေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသံ ကြားခဲ့ရတာကို မျက်မြင်တွေ့ရှိသူတွေက တန်နက်ဆ်ီ သတင်းစာကို ပြောထားခဲ့ပါတယ်။ 

“ဒီနေရာကနေ အမြန်ဆုံး ထွက်ကြပါ၊ ဗုံးတစ်လုံး ရှိနေတယ်၊ ဒီကားထဲမှာ ဗုံးတစ်လုံး ရှိနေတယ်၊ ပေါက်ကွဲတော့မယ်” လို့ ပြောနေတဲ့ အသံ ကြားခဲ့ရကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပြထားခဲ့ပါတယ်။ 

ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကိုရော၊ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကိုရော တင်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို အပြင် အရက်၊ ဆေးရွက်ကြီး၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်း ဆိုင်ရာ အမေရိကန် ဗျူရိုတို့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly