မြန်မာနိုင်ငံမှာ ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ?

မြန်မာနိုင်ငံမှာ ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ?

ပြည်တွင်းမှာ ပထမဦးဆုံးနဲ့ တစ်ခုတည်းသော ချေးငွေသတင်းအချက်အလက်ဌာန ဖြစ်တဲ့ မြန်မာချေးငွေ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau) ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ စတင် တည်ထောင်ခဲ့ပါတယ်။ မြန်မာချေးငွေ သတင်းအချက်အလက်ဌာနမှာ ခေတ်မီ ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်တစ်ခု တပ်ဆင်ထားရှိခဲ့ပြီး ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်း နယ်ပယ်အသီးသီးအတွက် ဘက်စုံ၊ ကဏ္ဍစုံကနေ ပံ့ပိုးပေးနေပါတယ်။ မြန်မာချေးငွေ သတင်းအချက်အလက်ဌာနအနေနဲ့ အဓိက ပံ့ပိုးပေးနေတဲ့ အခန်းကဏ္ဍတွေအကြောင်း တစေ့တစောင်းကို အခုလို ဖော်ပြလိုက်ပါတယ်။

ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမို မြန်ဆန်၊ တိကျစေဖို့ ကူညီပေးနိုင်

ချေးငွေ သတင်းအချက်အလက်ဌာန တစ်ခုမှာ ချေးငွေ ထုတ်ပေးထားတဲ့ အဖွဲ့အစည်းတွေဆီကရတဲ့ ငွေချေးသူတွေရဲ့ အချက်လက်တွေကို စုစည်းပြီး ထိန်းသိမ်းထားပါတယ်။ ဒီအချက်အလက်တွေထဲမှာ ငွေချေးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ၊ ချေးငွေရယူထားတဲ့ စာရင်းအမှတ်တွေနဲ့ ပြန်လည် ပေးဆပ်မှု မှတ်တမ်းရာဇဝင် အပါအဝင် ချေးငွေအတွက် အာမခံအပေါင် ပစ္စည်းစာရင်းတွေ ပါပါတယ်။

ဒီအချက်အလက်တွေနဲ့အတူ ဌာနကနေ တစ်ဦးချင်း (ဒါမှမဟုတ်) စီးပွားရေးလုပ်ငန်းတွေရဲ့ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာ ထုတ်ပေးနိုင်တာကြောင့် ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ ချမှတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ချေးငွေ သတင်းအချက်အလက်ဌာနဆိုတာ ချေးငွေပြန်ဆပ်နိုင်ခြေ ရှိ၊ မရှိ ဆန်းစစ်မှုပြုရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ရရှိနိုင်ရုံသာမက မသမာမှုတွေကနေ ကာကွယ်နိုင်ပြီး ပိုမို လုံခြုံစိတ်ချရတဲ့ ချေးငွေလုပ်ငန်း ဈေးကွက်တွေ ပေါ်ပေါက်လာအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။

ငွေရေးကြေးရေး ဝန်ဆောင်မှုတွေ ပိုမို ရယူလာနိုင်

ချေးငွေ သတင်းအချက်အလက်ဌာန တစ်ခုကနေ တိကျသေချာတဲ့ ချေးငွေဆိုင်ရာ သတင်းအချက်အလက်တွေ မျှဝေပေးတဲ့အတွက် ဘဏ်တွေအနေနဲ့ ချေးငွေထုတ်ပေးရာမှာ ဆုံးရှုံးနိုင်ခြေတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ချေးငွေဆိုင်ရာ အမှားအယွင်းတွေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဏ်တွေဘက်က ကြည့်မယ်ဆိုရင် ဆုံးရှုံးမှုများလျော့ကျလာတဲ့အပြင် နောက်ထပ် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ ကုမ္ပဏီတွေကိုဖြစ်စေ ငွေရေးကြေးရေး ဝန်ဆောင်မှုများကို ပေးသွားနိုင်ပါတယ်။

ဒါ့အပြင် မြန်မာချေးငွေ သတင်းအချက်အလက်ဌာနကနေ ချေးငွေမှတ်တမ်း ရာဇဝင်နောက်ခံကို စစ်ဆေးပြီး သေသေချာချာ အချက်အလက်ပံ့ပိုးပေးထားတဲ့အတွက် ငွေချေးသူတွေကလည်း ချေးငွေထုတ်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီက ပိုပြီး မြန်ဆန်တဲ့ ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင် ပေးဖို့ကြိုးပမ်းလာကြတာ တွေ့ရမှာပါ။

ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ဆုံးရှုံးနိုင်ခြေပေါ်အခြေခံပြီး အတိုးနှုန်းများ သတ်မှတ်တဲ့စနစ်ကို ကျင့်သုံးလာခဲ့မယ်ဆိုရင် ချေးငွေမှတ်တမ်းကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ ကုမ္ပဏီတွေကိုဖြစ်စေ သက်သာတဲ့ ချေးငွေနှုန်းထားများနဲ့ ချေးငွေဝန်ဆောင်မှုတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

အားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေးကဏ္ဍ ပေါ်ပေါက်လာဖို့ မြှင့်တင်ပေးနိုင်

ချေးငွေ သတင်းအချက်အလက်ဌာနတွေဆိုတာ ပြည်သူတွေအကြား အားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေးကဏ္ဍ ပေါ်ပေါက်လာဖို့ မြှင့်တင်ပေးရာမှာနဲ့ ချေးငှားမှုဆိုင်ရာ အလေ့အထကောင်းတွေ ကျင့်သုံးလာအောင် အားပေး တိုက်တွန်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ ငွေရေးကြေးရေးဆိုင်ရာ ကတိကဝတ်တွေ အတွက် တာဝန်သိတဲ့ ငွေချေးသူတွေမှာ ချေးငွေမှတ်တမ်း ရာဇဝင်ကောင်းတစ်ခု ရှိထားမှာဖြစ်လို့ နောက်ထပ် ချေးငွေအသစ်တွေကို မြန်မြန်ဆန်ဆန် ရယူနိုင်မှာ ဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုနိုင်

ချေးငွေ သတင်းအချက်အလက်ဌာနတွေဆိုတာ ချေးငွေမှတ်တမ်းတွေကိုပဲ ထုတ်ပေးနေတာ မဟုတ်ပါဘူး။ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြေရှင်းဆောင်ရွက်ချက်အမျိုးမျိုးကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီထဲမှာ လုပ်ငန်းနယ်ပယ်နဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး စိစစ်သုံးသပ်ချက်တွေကို အဖွဲ့ဝင်တွေအတွက် ထုတ်ပေးနိုင် တဲ့အတွက် ပိုကောင်းတဲ့ ချေးငွေဆိုင်ရာ နည်းဗျုဟာတွေ ချမှတ်နိုင်မှာပါ။ ဌာနကနေပေးတဲ့ အကြံပြုချက်တွေကနေ ချေးငွေဝန်ဆောင်မှု ထုတ်ကုန်သစ်တွေ ဖန်တီးနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေအကဲဖြတ် သတ်မှတ်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ပြည်တွင်းမှာရှိတဲ့ မိတ်ဖက်ကောင်းတွေကို ရှာဖွေရာမှာ များစွာအထောက်အကူ ဖြစ်စေနိုင်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုတိုးတက်လာ နိုင်ပါတယ်။

MMCB အကြောင်း၊ သူရဲ့ ဝန်ဆောင်မှုနဲ့ အဖွဲ့ဝင်တွေအကြောင်း အသေးစိတ် သိရှိလိုတယ်ဆိုရင် https://creditbureau.com.mm/ မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ MMCB ကို ဆက်သွယ်လိုတယ် ဆိုရင်တော့ ဖုန်း - ၀၉ ၆၆၇ ၀၀၀ ၀၈၀ (ဒါမှမဟုတ်) အီးမေးလ် - [email protected] ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required