အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအစီအစဉ်အတွက် သင်တန်းပေး

အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအစီအစဉ်အတွက် သင်တန်းပေး
Photo - AFP

ဒီဇင်ဘာ ၂၆

အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အတည်မပြုခင်နဲ့မဖြန့်ချိခင် လူငယ်သင်တန်းသားတွေဟာ ကာကွယ်ဆေးထိုးပုံထိုးနည်းနဲ့ပတ်သက်ပြီး ကာကွယ်ဆေးဆိုင်ရာလေ့ကျင့်ရေးသင်တန်းအစီအစဉ်မှာ လေ့လာသင်ယူလျက်ရှိပါတယ်။ 

အိန္ဒိယအစိုးရက ဘယ်ကာကွယ်ဆေးကိုမှ အတည်မပြုရသေးပေမယ့် လာမယ့်နှစ်အစောပိုင်းမှာ ကာကွယ်ဆေးထိုးမှုအစီအစဉ် စတင်မယ်လို့ မျှော်မှန်းထားပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့အိန္ဒိယဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ကပ်ရောဂါရိုက်ခတ်မှုဒဏ်အဆိုးရွားဆုံးခံရတဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀ ၀၀၀ ထက်မနည်း ရှိပါတယ်။

လူမှုဆိုင်ရာဆေးကုသမှုနှင့် ရပ်ရွာကျန်းမာရေးစင်တာ (JNU) မှ ဒေါက်တာ ရာဂျစ်ဒါစ်ဂူတာက “တကယ်တော့ ကာကွယ်ဆေးဖြန့်ဖြူးတဲ့ပမာဏက အရမ်းများပါတယ်။ ပြည်နယ်ပေါင်း ၃၆ ခုဆီကို ကာကွယ်ဆေး သန်း ၆၀၀ ပို့ရမှာပါ။ အအေးခန်းစနစ်နဲ့ သယ်ယူပို့ဆောင်ရေး၊ ဆေးထိုးအပ်အပိုတွေနဲ့ ဇီဝဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေကို ရှင်းလင်းဖို့လည်း ထည့်သွင်းစဉ်းစားရပါမယ်။ လက်ရှိအစီအစဉ်အရတော့ ပုဂ္ဂလိကကဏ္ဍကျန်းမာရေးဝန်ဆောင်မှုပေးသူနဲ့ သူနာပြုတွေအပါအဝင် ကာကွယ်ဆေးထိုးပေးနိုင်မယ့် အစိုးရရဲ့ ဆေးဘက်အကူတွေကို အသုံးပြုသွားမှာပါ” လို့ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းတွေပေးတဲ့ Apollo Medskills ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဆရီနီဗာဆာ ရာအို ပူလီဂျာလာက “ကျွန်တော်တို့မှာ လူဦးရေ ၁.၃ ဘီလီယံအတွက် ကာကွယ်ဆေးဖြန့်ချိပေးမယ့်လူသားအရင်းအမြစ် ၂၄ သိန်းနီးပါး ရှိပါတယ်။ ကာကွယ်ဆေးအများစုက နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီအတွက် နှစ်ခါ ပို့ပေးရမှာပါ။ ဒါကြောင့် အိန္ဒိယတစ်လွှားဖြန့်ရမယ့် ကာကွယ်ဆေးပမာဏပေါင်းဟာ ၂.၆ ဘီလီယံ ရှိပါတယ်။ အဲဒီလို လိုအပ်ချက်အတွက် ဘေးကင်းကင်းနဲ့ပို့ပေးနိုင်မယ့် လူသားအရင်းအမြစ် အမြောက်အမြား လိုအပ်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။ 

ကာကွယ်ဆေး စီမံခန့်ခွဲရေးအစီအစဉ်မှာ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသူ အက်စ်မာက “သင်တန်းပြီးလို့ အလုပ်ရတဲ့အခါ မိဘတွေကို ထောက်ပံ့နိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိတယ်” လို့ ဆိုပါတယ်။ 

ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတချို့ ရပ်ဆိုင်းသွားပေမယ့် ဆေးဆိုင်တွေနဲ့ ဆေးဘက်ဆိုင်ရာအလုပ်တွေကတော့ ၂၄ နာရီပတ်လုံး အလုပ်ဖြစ်နေပြီး ဆက်ပြီးလည်း ရှင်သန်နေဦးမှာဖြစ်တဲ့အကြောင်း သင်တန်းသားတစ်ဦးဖြစ်တဲ့ ဖာဟက်ခန်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

သင်တန်းသားတွေဟာ သူနာပြုလက်ထောက် ဒါမှမဟုတ် အိမ်ကျန်းမာရေးဆိုင်ရာ ဆေးအကူတွေအနေနဲ့ ဆေးရုံအမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပြီး အခြေခံလစာက ရူပီးငွေ ၁၀ ၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၆) နဲ့အထက်ရရှိကြမှာ ဖြစ်ပါတယ်။  ဒါဟာ လူငယ်အလုပ်လက်မဲ့တွေအတွက်တော့ များပြားတဲ့ ဝင်ငွေဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly