ပြည်သူ ၁၅ သန်းစာ ကိုဗစ် ကာကွယ်ဆေးဝယ်ရန် မြန်မာအဖွဲ့ အိန္ဒိယတွင် သွားရောက်ညှိနှိုင်း 

ပြည်သူ ၁၅ သန်းစာ ကိုဗစ် ကာကွယ်ဆေးဝယ်ရန် မြန်မာအဖွဲ့ အိန္ဒိယတွင် သွားရောက်ညှိနှိုင်း 

ဒီဇင်ဘာ ၂၅

ပြည်သူ ၁၅ သန်းစာအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန် မြန်မာနိုင်ငံမှ အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေပြီး လာမည့် သီတင်းတစ်ပတ်အတွင်း ကာကွယ်ဆေး ဝယ်ယူရေးနှင့် ပတ်သက်၍ ပိုမို တိတိကျကျ သိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ဒီဇင်ဘာလ ၂၄ ရက်နေ့ညက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ အခုဆိုရင် အဓိက ဦးတည်နေတာကတော့ ကာကွယ်ဆေးပေါ့။ ကာကွယ်ဆေးကို လူ ၁၅ သန်းအတွက် ဝယ်ယူဖို့အတွက် အခု ကျွန်မတို့ အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံမှာ ရောက်နေပါတယ်။ ဒီကာကွယ်ဆေး ဝယ်ယူရေးကိစ္စတွေနဲ့ ပတ်သက်လို့ဆိုရင် နောက် တစ်ပတ်လောက်အတွင်းမှာ ပိုပြီးတော့ တိတိကျကျ သိရပါလိမ့်မယ်” ဟု ပြောသည်။ 

ကာကွယ်ဆေးဝယ်ယူရန် လက်မှတ်ထိုးပြီး အဆင်သင့်ဖြစ်ချိန်၌ ဆေးထိုးမည့် အစီအစဉ်များကို စတင်နိုင်ရန်လည်း စီစဉ်ထားပြီးဖြစ်ကာ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ပထမဦးစားပေး အဆင့်ဆင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံရှိ Serum Institute of India ထံမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး သဘောတူညီချက်ကို ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရကြား လက်မှတ်ရေးထိုးခဲ့ကြောင်း နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။ 

Serum Institute of India သည် အိန္ဒိယနိုင်ငံ၊ ပူနေးမြို့ အခြေစိုက် ကိုယ်ခန္ဓာခုခံအားဆိုင်ရာ ဇီဝဗေဒ ဆေးဝါးများ ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။ 

ကာကွယ်ဆေး ရောက်ရှိရန် လပိုင်းနှင့်ချီ ကြာမြင့်နိုင်သကဲ့သို့ ရောက်ရှိပြီးနောက်ပိုင်း တစ်နိုင်ငံလုံးကို  ထိုးနှံပြီးစီးနိုင်ရေးကလည်း ကာလကြာမြင့်ဦးမည် ဖြစ်သောကြောင့် ကြားကာလတွင် ပြည်သူများအနေဖြင့် ရောဂါကူးစက် မခံရစေရန် သတိပြုစေလိုကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ 

“ပန်းတိုင်မြင်ရတဲ့အချိန်မှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကြားထဲမှာ ကိုယ့်ဆီကလည်း သူများ မကူးစက်အောင်၊ သူများဆီကလည်း မကူးစက်အောင် သတိနဲ့ နေကြပါလို့ ကျွန်မ ထပ်လောင်း မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကစပြီး နည်းနည်းကျလာပြီ။ များများကျလာအောင် ဆက်လုပ်ရမယ်။ အားလုံးတစ်ခါတည်း ပျောက်ကင်းသွားအောင် ကြိုးစားရမယ်။ နောက်ပြီးတော့ ကာကွယ်ဆေးနဲ့ တစ်ဖက်က ထိန်းသွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံအနေနဲ့ ပုံမှန် ပြန်လည်ပတ်လို့ရမှာပါ” ဟု ပြောသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆာအူရတ်ဘ် ကူးမား နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး ဆွေးနွေးခဲ့သေးသည်။ 

ယခုအစီအစဉ်သည် အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံ ဆွေးနွေးညှိနိူင်းကာ ဝယ်ယူခြင်းဖြစ်ပြီး အခြားနည်းလမ်းများဖြင့်လည်း ကာကွယ်ဆေးရရှိရန် အစိုးရက ကြိုးပမ်းလျှက်ရှိသည်။ 

မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ရန်ရှိနေသည့် COVAX Facility ထံမှ ကာကွယ်ဆေးကိုလည်း ၂ဝ၂၁ ခုနှစ် အစပိုင်းမှစ၍ နှစ်မကုန်ခင်အတွင်း နှစ်ကြိမ်ခွဲကာ နိုင်ငံ့လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းအတွက် ရရှိနိုင်မည်ဟုလည်း မြန်မာနိုင်ငံအနေဖြင့် မျှော်မှန်းထားကြောင်း သိရသည်။ 

COVAX အဖွဲ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ Gavi အပါအဝင် နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ဖြန့်ကြက်ရရှိရေးအဖွဲ့များ ပါဝင်ပြီး အဆိုပါ အစီအစဉ်သည် ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ် ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၂ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြား ချမ်းသာသည့် နိုင်ငံများနည်းတူ မျှတစွာ ရရှိစေရန် စီမံထားခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly