ရုရှားရဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်အဖြစ် အာဂျင်တီးနားကို ရောက်ရှိလာ 

ရုရှားရဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်အဖြစ် အာဂျင်တီးနားကို ရောက်ရှိလာ 
Photo - AFP

ဒီဇင်ဘာ ၂၅

ရုရှားရဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ သုံးသိန်းဟာ ပထမဆုံးအသုတ်အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်ကို ရောက်ရှိလာခဲ့ပါတယ်။ 

အာဂျင်တီးနားက စင်းလုံးငှားတဲ့ လေယာဉ်တစ်စင်းဟာ အဆိုပါ ကာကွယ်ဆေးတွေကို တင်ဆောင်ပြီး ရုရှားကနေ အာဂျင်တီးနားကို ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ယင်းအတွက်ကြောင့် အာဂျင်တီးနားမှာ ကာကွယ်ဆေးထိုးနှံမှု ကမ်ပိန်းကို မကြာမီ စတင်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ 

Sputnik V ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှုအဖြစ် အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပေးခဲ့ပြီး ဒါဟာ လက်တင်အမေရိကမှာ Sputnik V ကာကွယ်ဆေးကို ပထမဆုံး အတည်ပြုချက် ပေးလိုက်တာ ဖြစ်ပါတယ်။ 

ကူးစက်ရောဂါကာကွယ်မှုနဲ့ အဏုဇီဝဗေဒဆိုင်ရာ Nikolai Gamaleya စင်တာက စီစဉ်ပေးခဲ့တဲ့ ဒီ ကာကွယ်ဆေးထောက်ပံ့မှုအတွက် အာဂျင်တီးနားဟာ ရုရှားနဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက်ကစလို့ အဆိုပါ Sputnik V ကာကွယ်ဆေးတွေကို အာဂျင်တီးနားက ပြည်နယ်တိုင်းဆီက ဖြန့်ဖြူးရေးစင်တာတွေဆီ ပို့ဆောင်ပြီး အဲဒီနောက် ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဖို့အတွက် ကျန်းမာရေးစင်တာတွေဆီ ဖြန့်ကျက်မှာဖြစ်ပါတယ်။ 

ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးကို ပထမဆုံးထိုးနှံခံယူကြရမှာဖြစ်ပြီး အဲဒီနောက် သက်ကြီးတွေက ထိုးနှံခံယူကြမှာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအစိုးရကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပမာဏပေါင်း ၅၁ သန်းအထိ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly