ပါးစပ်၊ နှာခေါင်းစည်းများကို ထောက်ခံချက်ရရှိမှသာ တင်သွင်းဖြန့်ဖြူးခွင့်ပြုမည်ဟု FDA ထုတ်ပြန်

ပါးစပ်၊ နှာခေါင်းစည်းများကို ထောက်ခံချက်ရရှိမှသာ တင်သွင်းဖြန့်ဖြူးခွင့်ပြုမည်ဟု FDA ထုတ်ပြန်
Photo: AFP

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပါးစပ်၊ နှာခေါင်းစည်း Surgical Mask နှင့် Medical Use Respirator များကို ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရန်လိုအပ်သော ပစ္စည်းအဖြစ် စတင်သတ်မှတ်လိုက်ပြီဖြစ်ပြီး ထောက်ခံချက်ရရှိမှသာ တင်သွင်းဖြန့်ဖြူးခွင့်ရှိမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

FDA (ဆေးပစ္စည်း၊ အလှကုန်) မှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းက “အတုတွေက ဘယ်လိုအန္တရာယ်ရှိလဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သူ့ကာကွယ်သင့်တာ မကာကွယ်နိုင်ရင် လူတွေအတွက် ဘေးအန္တရာယ်ရှိတာပေါ့။ ဒါတွေကို တည့်မတ်ဆောင်ရွက်ဖို့ ဝန်ကြီးဌာနက ကျွန်မတို့ကို ညွှန်ကြားလာတာပါ” ဟု မဇ္ဈိမကို ပြောသည်။

အရည်အသွေးမပြည့်မီသည့် ရောဂါကာကွယ်ရေးပစ္စည်းများကို အသုံးပြုရာမှ ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများလည်း ရှိနေသည့်အတွက် ယခုကဲ့သို့ FDA မှ စီစစ်မည့်အပေါ် ကြိုဆိုကြောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမာမာကြည်က ပြောသည်။

 “Medical Use Respirator ပေါ့ N-95 ဆိုရင် ရသမျှဟာ အမတို့ သုံးတယ်။ အရည်အသွေးမကောင်းရင် နားမှာချိတ်တဲ့ဟာလေးက ပြုတ်ထွက်တာတွေရှိတယ်။ အဲ့ဒါဆို ဘယ်လုံခြုံမလဲ။ တင်းနေရမှာပေါ့ အမှန်ဆိုရင်။ အဲ့ဒါဆိုရင် အမတို့ မှတ်ထားလိုက်တာပေါ့နော်။ ပြန်စစ်ရတာ ဒါဘယ်ကလဲဆိုပြီး။ အခုလို FDA က တာဝန်ခံပေးလိုက်တဲ့သဘောဆိုတော့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

Photo: AFP

အရည်အသွေးပြည့်ဝသည့် ကာကွယ်ရေးဆေးပစ္စည်းများကို အများပြည်သူသုံးစွဲခွင့်ရရှိရေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနှုန်းပြည့်မီစေရန် တရားဝင်တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများမှ ဝယ်ယူကြရန် တိုက်တွန်းလိုကြောင်းလည်း FDA (ဆေးပစ္စည်း၊ အလှကုန်) မှ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းက ပြောသည်။

“အွန်လိုင်းမှာ ကြော်ငြာတိုင်း မဝယ်ယူသင့်ဘူး။ စီစစ်ပြီး တင်သွင်းတဲ့ ကုမ္ပဏီတွေဆီကပဲ ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ဒီမှာ စီစစ်တယ်ဆိုတာကျတော့ စာရွက်စာတမ်းတွေစီစစ်တာပေါ့နော်။ နောက် နမူနာတွေလည်း ရှိတဲ့အခါကျတော့ လိုက်လို့ရတာပေါ့။ တရားမဝင်တင်သွင်းတာတွေကျ လိုက်လို့မရဘူးလေ။ ဥပဒေထွက်ပြီဆိုရင်တော့ ဒါတွေက ဥပဒေအရ အရေးယူလို့ ရပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask များသည် တင်သွင်းထောက်ခံချက်မလိုသည့် ဆေးပစ္စည်းစာရင်းတွင် ပါဝင်ခဲ့ပြီး၊ N-95 နှင့် KN-95 များကိုလည်း ကိုဗစ်ကာလ ဆေးပစ္စည်းတင်သွင်းမှုနှောင့်နှေးနိုင်မှုမရှိစေရေး တင်သွင်းခွင့်လျှောက်ထားရန် မလိုသည့် ပစ္စည်းအဖြစ် ဖြည်လျော့ပေးထားခဲ့ရာ နောက်ပိုင်းတွင် လူမှုကွန်ယက်စာမျက်နှာများတွင်ပါ အာမခံချက်မရှိသည့် ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေမှုများပြားလာနေသည့်အတွက် ယခုကဲ့သို့သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းလည်း အဆိုပါ FDA မှ တာဝန်ရှိသူက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နှာခေါင်းစည်းများကို အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စိစစ်ပြီး တင်ဒါစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်ရှိ ဈေးကွက်များတွင် ရောင်းချနေသည့် ပါးစပ်၊ နှာခေါင်းစည်းများ၊ N-95 နှင့် KN-95 အများစုမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ  နယ်စပ်ကတစ်ဆင့် ဝင်လာခြင်းဖြစ်ပြီး အရည်အသွေးအပေါ်မူတည်ကာ ဈေးနှုန်းမှာ အမျိုးမျိုးကွာခြားမှုရှိကြောင်းလည်း အဆိုပါဈေးကွက်မှ သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required