မဲသမာမှုများရှိခဲ့သည်ဆိုသော တပ်မတော်စွပ်စွဲချက်ကို UEC တွေ ဘယ်လိုတုံ့ပြန်လဲ

မဲသမာမှုများရှိခဲ့သည်ဆိုသော တပ်မတော်စွပ်စွဲချက်ကို UEC တွေ ဘယ်လိုတုံ့ပြန်လဲ

ဒီဇင်ဘာ ၂၄ ၊ ၂၀၂၀

 လူတစ်ဦးက တစ်ကြိမ်ထက်ပို၍ မဲပေးနိုင်မှုရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ လူတစ်ဦးက နှစ်ကြိမ်တိုင်မဲပေးရန် မဖြစ်နိုင်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က တုံ့ပြန်လိုက်သည်။

“ကြိုတင်မဲပေးပြီးပြီ ဆိုလို့ရှိရင် သူက ပုံစံ (၁၃) အရ နောက်တစ်ကြိမ်ပေးလို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့မဲစာရင်းမှာ သူသည် ကြိုတင်မဲပေးပြီးပြီဆိုတာကို မှင်နီနဲ့သူ့အမည်စာရင်းဘေးမှာ ရေးသားဖော်ပြပြီးတော့မှ မဲရုံမှူးကို လွှဲပေးလိုက်တာ။ ဒါကြောင့်မို့  နှစ်ကြိမ်သူ ပေးလို့ မဖြစ်နိုင်ဘူး။ နောက်တခါ မဲရုံမှာ ပေးပြီးသား လူတစ်ယောက်ကလည်း ဒုတိယတစ်ခါလာပြီး ပေးဖို့ဆိုတာ ဒါလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို မှင်တို့လွှတ်လိုက်တာ” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။  
 
တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းအေးသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ကချင်ပြည်နယ်ရှိ တနိုင်းမြို့များတွင် တစ်ကြိမ်ထက်ပို၍ မဲပေးနိုင်သူ (၃၄၇၁၀)မဲ နှင့် မဲမသမာမှုများ ဖြစ်နိုင်သည့် (၃၉၅၉၆) မဲရှိခဲ့သည်ကို ကနဦးစီစစ်တွေ့ရှိကြောင်း တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သူများမှာ မှတ်ပုံတင်တူပြီး မိမိအမည်နှင့် မိဘအမည်လွှဲကာ မဲပေးခဲ့သူများဖြစ်ပြီး မဲမသမာမှု ဖြစ်စေနိုင်သည့်စာရင်းတွင် အသက် ၁၈ နှစ်မပြည့်သေးသူများ မဲပေးခဲ့ခြင်းနှင့် မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့သူများပါဝင်ကြောင်း ဖော်ပြထားသည်။
 
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကတော့    တပ်မတော်သည် စွပ်စွဲချက်ကို ဥပက္ခောပြုလိုက်သည်။

“သူက ပါတီအဖွဲ့အစည်းမဟုတ်တော့ ကျွန်တော်တို့က သူပြောတာကို ဘာမှတုံ့ပြန်စရာ မရှိပါဘူး။ ကျွန်တော်တို့က ကော်မရှင်ဆိုတော့ နိုင်ငံရေးပါတီဆိုရင်တော့ ပြောပေးရမှာပေါ့။ ပါတီအဖွဲ့စည်းမဟုတ်တဲ့အတွက် သူ့ဟာသူ ဘယ်လိုပဲ ဝေဖန်ချက်ပေးပေး ကျွန်တော်တို့က မရှိပါဘူး။ ကျွန်တော်တို့ လုပ်ငန်းက ပြီးသွားပါပြီ။ ရွေးကောက်ပွဲတောင် ကြေငြာပြီးပါပြီ” ဟု ဦးရှိန်ဝင်းက ပြောသည်။  

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် PACE အဖွဲ့၏  ရွေးကောက်ပွဲစီမံကိန်း အစီအစဉ် မန်နေဂျာ ဦးဟန်စိုးထွန်းကမူ ရွေးကောက်ပွဲနေ့တွင် နိုင်ငံသားများ၏ မဲပေးသည့် ပါဝင်မှု မြင့်မားခဲ့သည့်အတွက် မဲရလာဒ်ကို အပြောင်းအလဲ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။  

“ကျွန်တော်တို့ စောင့်ကြည့်လေ့လာမှု အမြင်အရ နိုင်ငံသားတွေရဲ့ ပါဝင်မှု (မဲပေးခြင်း) မြင့်မားရင်၊ တချို့နေရာမှာတော့ ကျွန်တော်တို့ ပြောဖို့ခက်တာပေါ့။ သို့သော် တစ်နိုင်ငံလုံးရဲ့ ပါဝင်မှုအရ ပြောမယ်ဆိုရင် (မဲရလာဒ်အပြောင်းအလဲ) မရှိနိုင်ဘူးပေါ့” ဟု ဦးဟန်စိုးထွန်းက ပြောသည်။  

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အ‌ထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲ‌ ကော်မရှင်ကို အရေးယူပေးရန်နှင့် ရွေးကောက်ပွဲရလာဒ်အပေါ် စုံစမ်းစစ်ဆေးပေးရန် ယခင်စစ်အစိုးရထူထောင်ခဲ့သော အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆန္ဒပြမှုများလည်း ရှိနေဆဲဖြစ်သည်။

ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုပြီး  ပြည်ခိုင်းဖြိုးပါတီက ရဲစခန်းမှာ အမှုပေါင်း (၁၀၀) ကျော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တိုင်ထားတဲ့ အမှုပေါင်း ၁၀၀၀ ကျော်ရှိသည်ရာ အဓိက တိုင်ထားတဲ့အကြောင်းအရာများတွင် အသက်မပြည့်ဘဲ မဲပေးခြင်းနှင့် တစ်ကြိမ်ထက်ပိုပြီး မဲပေးခြင်းများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required