ပြည်တွင်းခရီးသွား လုပ်ငန်း ပြန်စရေး ကွာရန်တင်း ဖြေလျှော့ပေးရန်လိုဟု ခရီးသွားလုပ်ငန်းရှင်များပြော

ပြည်တွင်းခရီးသွား လုပ်ငန်း ပြန်စရေး ကွာရန်တင်း ဖြေလျှော့ပေးရန်လိုဟု ခရီးသွားလုပ်ငန်းရှင်များပြော
Photo: AFP

ဒီဇင်ဘာ ၂၄၊ ၂၀၂၀  

ကိုဗစ်-၁၉ ကြောင့် ရပ်နားထားရသည့် ပြည်တွင်းခရီးသွား လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေသော်လည်း တစ်ခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးသို့ဝင်ရောက်လျှင် ကွာရန်တင်းဝင်ရမည်ဆိုသော သတ်မှတ်ချက်မှာ အဟန့်အတားတစ်ခု ဖြစ်နေပြီး ဖြေလျှော့ပေးရန်နှင့် စံသတ်မှတ်ချက် ပြဌာန်းရန် လိုကြောင်း  ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

“Domestic tourism( ပြည်တွင်းခရီးသွား) ဖြစ်ဖို့ကကျတော့ တနေရာနဲ့တနေရာ ကူးသန်းသွားလာမှုမှာ ကွာရန်တင်းရှိနေသေးတာကိုး။ ကွာရန်တင်းရှိနေသေးတော့ Domestic tourism ပြန်စဖို့ကမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့်မို့ Government (အစိုးရ) အမိန့်လိုတယ်။ ဒီ ကွာရန်တင်းအကုန်လုံး ဖြည်ထားပြီးတော့မှ Domestic tourism က ပြန်ကောင်းလာမှာပါ” ဟု Amazing Time Travels and Tours ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ကေသွယ်စိုးက ဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်သည့် Covid-19 Safe Service ဆင့်ပွားသင်တန်း ဖွင့်ပွဲတွင်  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က လာမည့်နှစ်ဆန်းတွင် ခရီးသွားလုပ်ငန်းများပြန်ဖွင့်နိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားသွားခဲ့ပြီးနောက် လုပ်ငန်းရှင်များ၏တုံ့ပြန်မှုပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့အပြင် အစိုးရအနေဖြင့် လုပ်ဆောင်နိုင်သည့်နည်းလမ်းများကို ဒေါ်ကေသွယ်စိုးက ပြောကြားရာတွင်  “ဖြစ်သင့်တာက အကုန်လုံး ကိုဗစ် Test ကို စစ်ပေါ့နော်။ ကိုဗစ် ကင်းစင်တယ်ဆိုရင် ခွင့်ပြုပေးမယ်။ ခွင့်ပြုတဲ့အခါမှာလည်း ဘုရား ကျောင်း ကန်၊ Tourist side တွေမှာ စနစ်တကျလေးဖြစ်ဖို့ လိုအပ်တယ်။

" နောက်တစ်ခုက ဥပမာပြောရရင် ဘွတ်ကင်စနစ်နဲ့ လက်ခံတာမျိုးပေါ့။ မဟာမုနိဆိုလည်း မဟာမုနိမှာ ဘယ်နှနာရီကနေ ဘယ်နှနာရီအထိ လူဘယ်လောက်အထိ လက်ခံမယ်ပေါ့။ အခုလောလောဆယ် ဥပမာပြောရရင် ဘဏ်တွေသွားလို့ရှိရင် ဘဏ်တွေမှာ သူ့လူဦးရေအလိုက် ဘဏ်တွေမှာ အထဲမှာ အရမ်း crowded (လူပြည့်ကျပ်) ဖြစ်နေတာမျိုး သူတို့မကြိုက်ဘူး။ အဲ့လိုပုံစံမျိုးနဲ့ လုပ်ပေးနိုင်မယ်ဆိုရင်၊ သေချာထိန်းချုပ်နိုင်မယ် ဆိုရင်တော့ Domestic tourism က အဆင်ပြေမှာပါ၊ အောင်မြင်မှာပါ”  ဟု ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်၍ နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်ရန် ကြံဆရမည်ဟု ထုတ်ပြန်လိုက်ခြင်းအပေါ် သူက ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းများကို မတ်လမှ စတင်ကာ ရပ်နားထားရသည်။
 
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ပြည်တွင်း ခရီးသွားလေးတွေ ပြန်ဖွင့်နိုင်အောင်လို့ ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။ နဂိုမူလအတိုင်း ပေးဖွင့်မှာလားဆိုတော့ အဲဒီအဆင့်ကို ရောက်ဖို့တော့ နည်းနည်း လိုဦးမယ်ထင်တယ်။ ဘာလို့လဲဆို အခုနောက်ပိုင်းမှာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်သွားရေးဆိုတာ ဖြစ်လာတာပေါ့။ အဲဒီတော့ ဒီလိုကြီး ပိတ်ထားလို့ မရဘူး။ ကိုဗစ်အလွန်မှာ ဘယ်လို ခရီးသွားရမလဲဆိုတဲ့ စံသတ်မှတ်ချက်တွေကို ပြဌာန်းဖို့လိုတယ်။ အဲဒီစံသတ်မှတ်ချက်တွေ လိုက်နာနိုင်တယ် ဆိုရင်တော့ ခရီးသွားလုပ်ငန်းဟာ ပုံမှန်အတိုင်း ပြန်ပြီး ပွင့်လန်းလာမှာပဲ။ ချက်ချင်း ဖွင့်လိုက်ပြီး သွားချင်တဲ့သူ သွားလို့ရတယ်၊  လာချင်တဲ့သူ လာလို့ရတယ် ဆိုတာမျိုးကတော့ ဖြစ်လာတော့မှာ မဟုတ်တော့ပါဘူး” ဟု ဆိုသည်။  

ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် ကနဦး ကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ် ခရီးစဉ်၊ မြစ်တွင်းသွား သင်္ဘောခရီးစဉ်များအား ပြေးဆွဲနေကာ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားခရီးစဉ်တို့ကိုလည်း လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။  

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု တကျော့ပြန် ဖြစ်ပွားပြီး ကူးစက်မှုနှုန်းများသည့်အတွက် ပြည်တွင်း လေကြောင်းလိုင်းများအား စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြည်တွင်း လေကြောင်းလိုင်းများကို ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။  

နိုင်ငံတကာ လေကြောင်းလိုင်းများကိုလည်း ဇန်နဝါရီ လဆန်းတွင် ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required