NLD ဒေါ်နန်းခင်ထွေးမြင့် နှင့် ကယား KySDP ပါတီ နှင့် ပါတီချင်းလက်တွဲရေး ဆွေးနွေးမည်

NLD ဒေါ်နန်းခင်ထွေးမြင့် နှင့် ကယား KySDP ပါတီ နှင့် ပါတီချင်းလက်တွဲရေး ဆွေးနွေးမည်

ဒီဇင်ဘာလ ၂၄

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မကြာသေးခင်က ခန့်အပ်ထားခဲ့သော အနာဂတ်ပြည်ထောင်စုအရေး တိုင်းရင်းသားများနှင့်ဘုံသဘောတူညီချက်ရရှိရန် ခန့်အပ်ထားသော အထူးသံတမန်တစ်ဦးဖြစ်သည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကယားပြည်နယ် လွိုင်ကော်မြို့၌ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ (KySDP) နှင့်  ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လာရောက် တွေ့ဆုံဆွေးနွေးမည်ဟု လွိုင်ကော်မြို့နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးက မဇ္ဈိမကို ပြောသည်။

ဝါရင့်ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်နန်းခင်ထွေးမြင့်ဦးဆောင်သော အဖွဲ့တွင်  ပါတီဗဟိုမှ ဒေါက်တာ မေဝင်းမြင့်လည်း လိုက်ပါလာမှာဖြစ်ပြီး ကယားပြည်နယ်တွင် ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် KySDP ပါတီ ကိုယ်စားလှယ်တချို့နှင့် ဆွေးနွေးသွားမှာဖြစ်သည်။

“သူတို့လာတာနဲ့ ပြည်နယ် EC (ဗဟိုကော်မတီဝင်) တွေနဲ့ အရင်တွေ့မယ်လေ။ ပြည်နယ် EC နဲ့ အရင်တွေ့ပြီးမှ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆုံစားပွဲတွေ ဘာတွေ လုပ်လိမ့်မယ်” ဟု ဦးသောင်းဌေးက ပြောသည်။

ပါတီချင်း လက်တွဲခေါ်ရန် လာရောက် ညှိုနှိုင်းခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏ အမြင်ကို ဆက်လက် ပြောသည်။

အနာဂတ်ပြည်ထောင်စုအတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်  ဘုံသဘောထားရရှိအောင် လုပ်ဆောင်ရန်  NLD ပါတီက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးပါ အဖွဲ့ကို ဖွဲ့စည်းထားသည်။

KySDP ပါတီမှ ဦးစိုင်းနိုင်နိုင်ထွေးက “NLD က တာဝန်ပေးအပ်တဲ့ ကိုယ်စားလှယ် သုံးဦးနဲ့ တွေ့ဆုံဖို့အတွက် တွေ့ဆုံညှိုနှိုင်းရေး ကော်မတီတရပ် ပေါ်လာလိမ့်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် KySDP ပါတီက တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း ဦးစိုင်းနိုင်နိုင်ထွေးက ပြောသည်။

ကယားပြည်နယ်တွင် KySDP ပါတီက လွှတ်တော် သုံးရပ်တွင် ရှစ်နေရာဖြင့် ဒုတိယ အများဆုံး အနိုင်ရရှိထားသည်။ ဖရူဆိုနှင့် ရှားတော မြို့နယ်များတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာနှင့် ပြည်နယ် လွှတ်တော် သုံးနေရာ အနိုင်ရရှိထားခြင်း ဖြစ်သည်။

 KySDP သည် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ANDP) နှင့် ကယားလူမျိုးစုပါတီဒီမိုကရက်တစ်ပါတီ (KPDP) တို့ ပူးပေါင်းထားသည့် ပါတီဖြစ်သည်။  

နိုဝင်ဘာ ၁၂ ရက်နေ့တွင် NLD ပါတီက တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ် ရည်မှန်းချက်များနှင့် တူညီပြီး နောက်လာမည့် အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly